သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးကိစ္စ ဆက်လက် ဆွေးနွေး ဖို့ ကျောင်းသားတွေ မျှော်လင့်


သာယာဝတီတရားရုံးရှေ့ ကျောင်းသားများ။ ( ဧပြီ ၈၊ ၂၀၁၆)
သာယာဝတီတရားရုံးရှေ့ ကျောင်းသားများ။ ( ဧပြီ ၈၊ ၂၀၁၆)

NLD အစိုးရသစ်လက်ထက်မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကိစ္စ အခက်အခဲတွေ ဆက်ရှိနိုင်တယ်လို့ မနေ့က ပြန်လွတ်လာတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တွေက ပြောလိုက်ပြီး၊ အစိုးရသစ်နဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီ တိုင်းပြည် တခုမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိသင့် တာကြောင့်လဲ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း ကျောင်းသားခါင်းဆောင်တွေကတောင်းဆိုကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့လို့ အဖမ်းခံရသူ အများစု အခုတော့ NLD အစိုးရသစ် လက်ထက်မှာ ပြန်လွတ်လာပြီဖြစ်ပါတယ်။ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင် ကိုမင်းသွေးသစ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုတော့ သာယာဝတီ အကျဉ်းထောင် ကနေ သောကြာနေ့ည ၁၀ နာရီခွဲကျော်မှာ ပြန်လွှတ်ပေးလိုက်ပြီး၊ အခြား ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကို ကိုလင်းထက်နိုင် တကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း စတဲ့ ၈ဦးကတော့ အင်းစိန်ထောင် ကနေ ည ၁၁ နာရီမှာ ပြန်လွတ်လာကြတာပါ။

NLD အရပ်သားအစိုးရသစ်ထဲမှာ ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီးကို တာဝန်ပေးထားတာကြောင့် ပညာရေးဥပဒေ ပြင်ဆင်ရေး ကိစ္စမှာ အခက်အခဲတွေ ဆက်ရှိနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်က ပညာရှင်တဦးလည်းဖြစ်ပြီးတော့ ကမ္ဘာက လေးစားကြည်ညိုရတဲ့ လူတဦးဖြစ်တယ်။ သူအနေနဲ့ liberal ကျတဲ့ အတွေးအခေါ်တွေ လက်ကိုင်ထားကောင်း ထားနိုင်တယ်။ ဒေါက်တာမျိုးသိမ်းကြီး ကတော့ liberal အယူအဆ ရှိတဲ့သူ မဟုတ်ပဲနဲ့ ယခင်အစိုးရရဲ့ ပေါ်လစီတွေကို ဖက်တွယ်ထားတဲ့သူတဦးဖြစ်တယ်လို့ ကျနော်တို့က ယူဆတဲ့ အတွက်ကြောင့် မို့လို့ ရှေ့ဆက် သွားရမယ့် ပညာရေးပြုပြင်ပြောင်းလဲမှု ထဲမှာ အနှောင့်အယှက် အဟန့်အတားတွေ ရှိလာနိုင်တယ်လို့ ယူဆထားပါတယ်။ အဓိက ကတော့ မူ အပေါ်မှာလည်း ကျေျနာ်တို့က စဉ်းစားရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ချလိုက်တဲ့ guideline ဟာ ကျနော်တို့ လိုလားတဲ့ တောင်းဆိုချက်တွေနဲ့ ထင်ဟပ်စေတဲ့ ပေါ်လစီ တခု ပေါ်ပေါက်လာနိုင်တယ်ဆိုလို့ရှိရင်တော့ ဒေါက်တာမျိုးသိမ်းကြီး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက် အတိုင်း ဆောင်ရွက် ရမှာဖြစ်ပါတယ်။"

ကျောင်းသားတွေက ပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ဆွေးနွေး တင်ပြခဲ့တာတွေ ရှိပေမဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ စိတ်ပျက်ဖွယ် ရလဒ်တွေကိုသာ ရခဲ့တယ်လို့ ကိုကျော်ကိုကိုက ထောက်ပြပါတယ်။

" ဦးသိန်းစိန်အစိုးရရဲ့ ပေါ်လစီက ကျနော်တို့ တောင်းဆိုတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အားပေးတဲ့ ပေါ်လစီတခုမဟုတ်ခဲ့ပါဘူး။ သူ့လက်ထက်မှာ ပညာရေး ကိစ္စကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ခြင်း မရှိပဲနဲ့ ဖြစ်ကတက်ဆန်း ပြီးစလွယ် အမျိုးသားပညာရေးဥပဒေတခုကိုပဲ လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ဖို့ကို တက်သုတ်ရိုက်ပြီး ဆောင်ရွက် သွားတာ ကို တွေ့ရပါတယ်။ လေးပွင့်ဆိုင် ကတိကဝတ်တွေကိုလည်း အပြင်းအထန် ချိုးဖောက်ခဲ့တာကို တွေ့ရတယ်။ အဲ့ဒီ့တော့ ဦးသိန်းစိန်လက်ထက်မှာ ကျနော်တို့ ရရှိခဲ့တာက စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေပဲ တွေ့ခဲ့ရတာပါ။

ဒါကြောင့်လဲ အမျိုးသားပညာရေးဥပဒေအတွက် မကြာခင်မှာ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့ သူတို့အနေနဲ့ ပြင်ဆင်ကြလိမ့်မယ်လို့ ဗကသ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်ကပြောပါတယ်။

" အမျိုးသားပညာရေးဥပဒေ ပညာရေးစနစ်ကောင်းမွန်ဖို့ ကျနော်တို့အနေနဲ့ ဆက်ပြီး လုပ်စရာရှိတာတွေကတော့ လုပ်သွားရမှာ။ ဒါပေမဲ့ ဘယ်လိုပုံစံလုပ်မယ်။ ဘယ်လိုပုံစံနဲ့ အပြောင်းအလဲကို ဖြစ်အောင် ချဉ်းကပ်မလဲဆိုတာတော့ အခုလွတ်လာတဲ့ ကျောင်းသားတွေ စည်းဝေးတိုင်ပင်ပြီးမှ တိတိကျကျ ပြောနိုင်မယ်လို့ ကျနော်ထင်ပါတယ်။"

ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေးမှာ တက္ကသိုလ်ကျောင်းထဲ ကျောင်းသား သမဂ္ဂတွေ ပေါ်ပေါက်လာရေးဟာ အဓိကကျကြောင်း ကိုကျော်ကိုကိုက သုံးသပ်ပါတယ်။

" ကျနော်တို့ တောင်းဆိုတဲ့ ၁၁ချက်မှာလည်း အရေးကြီးတဲ့အချက်တွေ ၃၊ ၄ ချက်ရှိပါတယ်။ ကျောင်းသားသမဂ္ဂ တက္ကသိုလ်တိုင်းမှာ တရားဝင် ရပ်တည်ခွင့် ရရှိရေးဆိုတဲ့ အချက်က ကျနော်တို့အတွက်က အသက်တမျှ အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒီတောင်းဆိုချက်ကို ရရှိဖို့ ၁၉၆၂ခုနှစ် ကျောင်းသား သမဂ္ဂတွေကို မတရား ဖျက်သိမ်းခံရတယ် သွေးချောင်း စီးအောင် သတ်ဖြတ်ခံရတဲ့ ကြားထဲကနေပြီး နှစ်ပေါင်း ၆၀ ကျော် ကျောင်းသားသမဂ္ဂကို တောင်းဆိုခဲ့တာပါ ။ ဒီအချက်က အရေးကြီးဆုံးပါ။

ဒုတိယအချက်ကတော့ ပညာရေးစနစ်ကြီး တခုလုံးကို အောက်ခြေ အမြစ်ကနေပြီးတော့ စတင်ပြောင်းလဲနိုင်ဖို့အတွက်ကို ပညာရေး ဘတ်ဂျက်တွေကို ကျနော်တို့ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျန်တာကတော့ အခမဲ့ပညာရေးစနစ် ရရှိလာဖို့ ဆိုတာကို ထပ်ပြီးတော့ တတိယနေရာမှာ ထားပြီး တောင်းဆိုပါတယ်။ တဖြေးဖြေးချင်း ဆက်လက်ပြီးတော့ အဆင့်တိုးမြှင့်ပြီးတော့ တောင်းဆိုသွားမယ်လို့ ကျနော်တို့ ယူဆပါတယ်။"

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အဖမ်းခံရသူတွေထဲ ပညာရေး ဥပဒေပြင်ဆင်ဖို့ တောင်းဆိုဆန္ဒပြခဲ့သူ အများစု ပြန်လွတ်လာပြီ ဆိုပေမယ့် တရုတ် သံရုံးရှေ့ဆန္ဒပြမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင် တို့လို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ကတော့ ပြန်မလွတ်သေး တာကြောင့် သူတို့လို နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကိုလင်းထက်နိုင်က တောင်းဆိုလိုက်ပါတယ်။

" နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေပါသေးတယ်။ အဲ့တော့ အစိုးရသစ်အနေနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဒါကို ဆက်ပြီးတော့ တိုက်တွန်း တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအကျဉ်းသား မရှိခြင်းဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို အများကြီးတက်စေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပေတံအရ လည်း နိုင်ငံရေး အကျဉ်းသား ရှိခြင်း၊ မရှိခြင်းနဲ့ တိုင်းတာမှုတွေ လုပ်လို့ရတဲ့အခါကျတော့ အမြန်ဆုံးလွှတ်ပေးပါလို့ ဒီကနေ တောင်းဆိုချင်ပါတယ်။ "

NLD အစိုးရ လက်ထက် ပထမဆုံးလွတ်ငြိမ်းချမ်းသာခွင့်အရ ဧပြီလ(၈)ရက်နေ့ မှာ နိုင်ငံရေးအကျဉ်းသား ၉၀ ပြန်လွှတ်ပေး လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၁၂၁ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ တက်ကြွ လှုပ်ရှားသူ ၄၁၄ ဦးရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG