သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ စုစုနွေးကို ပြင်ဦးလွင်မှာ ရုံးထုတ်


လယ်သမားအရေးလှုပ်ရှားသူ မစုစုနွေးကို ပြင်ဦးလွင်မြို့မှာ တရားရုံးထုတ်လာစဉ် (ဒီဇင်ဘာ ၇ ရက်)
လယ်သမားအရေးလှုပ်ရှားသူ မစုစုနွေးကို ပြင်ဦးလွင်မြို့မှာ တရားရုံးထုတ်လာစဉ် (ဒီဇင်ဘာ ၇ ရက်)

လယ်သမားအရေး လှုပ်ရှားသူအဖြစ် ထင်ရှားတဲ့ မစုစုနွေးကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာအာဏာပိုင်တွေ ဖမ်းဆီးသွားတာဟာ အသွင် ကူးပြောင်းဖို့ ရှိနေတဲ့ မြန်မာနိုင်ငံမှာ မဖြစ်သင့်တဲ့ လုပ်ရပ်တခုအဖြစ် တက်ကြွသူတွေက ပြောဆိုလိုက်ကြပါတယ်။ မနေ့တုန်းကပဲ လူ့အခွင့် အရေး ဟောပြောပွဲတခုမှာ ပါဝင်နေချိန် ဖမ်းဆီးခံခဲ့ရတဲ့ မစုစုနွေးကိုတော့ မနေ့တုန်းကပဲပြင်ဦးလွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။

အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ မစုစုနွေးကိုတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်က မြေသိမ်းဆည်းခံ တောင်သူလယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့မှုနဲ့ ပြင်ဦးလွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဒီကနေ့ပဲ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့က လူ့အခွင့်အရေး ပညာရေးကိစ္စတွေကို သူနဲ့အတူဟောပြောခဲ့တဲ့ ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ အခုလို အာဏာပိုင်တွေရဲ့ ဖမ်းဆီး အရေးယူမှုကို ရှုတ်ချလိုက်ပါတယ်။

“ဖမ်းဆီးတဲ့သူတွေအားလုံး ကျောင်းသားတွေအပါအဝင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်၊ ငြိမ်းချမ်းစွာနဲ့လှည့်လည်တဲ့သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ၊ နောက်တခါ ဒီလိုမျိုး ဖိနှိပ်တဲ့ဥပဒေတွေကိုလည်း ပယ်ဖျက်ဖို့အတွက် ကျနော်တို့ စဉ်ဆက်မပြတ် တောင်းဆိုတဲ့ကြားထဲက ဒီဥပဒေတွေကို အသုံးပြုပြီး နောက်ထပ်လူတွေ ထပ်ဖမ်းခြင်းအားဖြင့် ပြည်သူလူထုဆန္ဒကို မလေးစားဘူးဆိုတဲ့ သဘောတရားမျိုး သက်ရောက်နေပါတယ်။ နောက်တခုက ဒီလို အခြေအနေမျိုးမှာ ထိလွယ် ရှလွယ်ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ တဘက်ကလည်း သည်းခံကြပါ၊ စောင့်စားကြပါ။ အမျိုးသားရင်ကြားစေ့ကြပါဆိုတဲ့ တိုက်တွန်းနေတဲ့အသံတွေကြားထဲမှာ အခုလိုမျိုး လုပ်ဆောင်ခြင်းဟာ မင်းတို့ဘက်က စောင့်စည်းလည်း ငါတို့ ဂရုမစိုက်ဘူး၊ ငါတို့ လုပ်ချင်တာလုပ်မယ်-ဆိုတဲ့ သဘောတရားမျိုးဖြစ်စေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မကျေနပ်လို့ ထပ်ပြီးဆန္ဒပြမယ်ဆိုပြန်ရင်လည်း သည်းမခံဘူး၊ ဥပဒေအရ လုပ်ဆောင်မယ်ဆိုတဲ့ …ရန်စတဲ့သဘောမျိုးများ လုပ်နေသလားလို့တောင် ကျနော် တွေးမိပါတယ်။”

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ တောင်သူလယ်သမား သမဂ္ဂရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစုစုနွေးကို မနေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မြို့မ ရဲစခန်းအချုပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီး ဒီကနေ့ ပြင်ဦးလွင်တရားရုံးထုတ်စစ်ဆေးချိန်မှာတော့ အာမခံ ယူလိုက်ပြီးတော့ ပြင်ဦးလွင်တရားရုံးမှာ အမှုဆက်လက်ရင်ဆိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ မစုစုနွေးရဲ့ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေးက အမှုနောက်ဆုံးအခြေအနေကို ရှင်းပြပါတယ်။

“တရားလိုကတော့ မြို့နယ်ရဲမှူးပါ၊ မြို့နယ်ရဲမှူးက တရားလိုလုပ်ပြီးဖွင့်တာဆိုတော့ တရားခံအဖြစ် သူတို့စွပ်စွဲထားတာ မစုစုနွေး အပါအဝင် (၉) ယောက်ပေါ့။ (၉) ယောက်မှာ ၂ ယောက်က ရောက်မလာတဲ့အခါမှာ တရားခံပြေးအနေနဲ့ သူတို့ အမှုဖွင့်မယ်ပေါ့၊ ရှေ့နှစ်ပတ်ကိုတော့ (၂၁) ရက်နေ့ ထပ်ချိန်းလိုက်တယ်။ မဖြစ်မနေ တရားဥပဒေလမ်းကြောင်းက ….အခြေခံအကြောင်းရင်းတွေကို ၊ အဖြစ်မှန်တွေကို အားလုံးပြည်သူလူထုသိအောင် ….ဖော်ထုတ်သွားပါမယ်။”

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်တည်ဆောက်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အခုလို တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးနေမှုကို ရပ်တန်းက ရပ်သင့်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီဘီရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“အခု ဒီဖြစ်စဉ်တွေမှာ တကယ်ကို မျှတတဲ့ တရားစီရင်မှုရှိရဲ့လား၊ တရားဥပဒေစိုးမိုးမှုရှိရဲ့လား၊ အဲဒီ တရားဥပဒေစိုးမိုးမှု မရှိလို့ရှိရင် ရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဒီလက်ရှိအစိုးရက လုပ်ကို လုပ်ရမှာပေါ့။ အခု ဖမ်းနေတဲ့၊ ဖမ်းဆီးခံရတယ်ဆိုတဲ့ကိစ္စတွေမှာလည်း တကယ် တရားသဖြင့် အဖမ်းခံရတာလား၊ အဖမ်းခံရတာ မဟုတ်ဘူးလားဆိုတာကို တကယ့်လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခွင့် ပေးသင့်တယ်။ ….. ဒီပြဿနာကို အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာမျိုးကို လုပ်သင့်တယ်။ ကျနော်တို့အမြင်အရတော့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေမှာပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတာက ရှိကိုမရှိသင့်တဲ့ကိစ္စ၊ ဖမ်းကို မဖမ်းသင့်တဲ့ ကိစ္စတွေပါ။”

ပြီးခဲ့တဲ့တစ်နှစ်ကျော်က ပြင်ဦးလွင်မြို့မှာ ကော်ဖီစီမံကိန်းနဲ့ပတ်သက်ပြီး လယ်ယာမြေတွေကို သိမ်းဆည်းခဲ့ရာက မူလလယ်ယာပိုင်ရှင် တောင်သူလယ်သမားတွေနဲ့ ကုမဏီကြား တင်းမာမှုတွေဖြစ်ပြီး ရိုက်နှက်မှုဖြစ်ခဲ့တဲ့အတွက် တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ပြင်ဦးလွင်မှာ မတရားထိန်းသိမ်းခံလယ်ယာမြေတွေ ပြန်ရရှိရေးနဲ့ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသူတွေအတွက် စစ်မှန်တဲ့တရားမျှတမှုရစေရေးဆိုပြီး လယ်သမားတွေက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဲ့ဒီ့အတွက် ဦးဆောင်သူ တောင်သူလယ်သမားသမဂ္ဂဥ က္ကဋ္ဌမစုစုနွေးနဲ့ သပိတ် ခေါင်းဆောင်တချို့ကို ပြင်ဦးလွင်မြို့မရဲစခန်းမှူးက ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ မနေ့က ရုံးထုတ်တဲ့အချိန်အထိ ဦးဆောင်သူ လယ်သမားနှစ်ဦးကိုလည်း တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG