သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ တပတ်ကြာ အပစ်ရပ်ဖို့ သဘောတူ


People move boxes after an Indian Air Force flight landed with medical aid, following the crisis in Sudan's capital Khartoum, at the military airport of Port Sudan, Sudan, May 18, 2023.
People move boxes after an Indian Air Force flight landed with medical aid, following the crisis in Sudan's capital Khartoum, at the military airport of Port Sudan, Sudan, May 18, 2023.

ဆူဒန်နိုင်ငံမှာ တပတ်ကြာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ သဘောတူခဲ့ပြီးတဲ့နောက်၊ ခါတွန်မြို့တော်မှာ လူသားချင်စားနာမှု အကူအညီတွေ ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့လည်း ခါတွန်မြို့တော်မှာတော့ အခုချိန်ထိ ၂ ဘက်တပ်ဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်တာတွေ ပြတ်တောင်းပြတ်တောင်း ကြားနေရဆဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆူဒန်စစ်တပ်နဲ့ ဆူဒန်ပြည်သူ့စစ် (RSF) အဖွဲ့တွေကြား တပတ်ကြာ အပစ်အခတ်ရပ်စဲဖို့အတွက် အမေရိကန်နဲ့ ဆော်ဒီနိုင်ငံတို့က ဦးဆောင်ပြီးတော့ ဆော်ဒီနိုင်ငံ Jeddah မြို့မှာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မနက်ဖြန်တနင်္လာနေ့ကစပြီး တပတ်ကြာ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာပါ။ အခုလို အပစ်ရပ်ဖို့ သဘောတူလိုက်တဲ့အတွက် လူသားချင်းစာနာမှု အကူအညီတွေလည်း ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ပဋိပက္ခတွေ စတင်ဖြစ်ချိန်ကစပြီး ၂ ဘက်စလုံးက အပစ်ရပ်ဖို့ ကြေညာချက်တွေ ထပ်တလဲလဲ ထုတ်ပြန်ခဲ့ပေမယ့်လဲ တိုက်ပွဲတွေကိုတော့ မရပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီ Jeddah သဘောတူညီမှုကတော့ ၂ ဘက်စလုံးက ဆွေးနွေးမှုတွေလုပ်ပြီး အပစ်ရပ်ဖို့ ပထမဆုံးအကြိမ် လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လဲ ဆူဒန်စစ်တပ်ခေါင်းဆောင် Abdel Fattah al Burhan နဲ့ ပြည်သူ့စစ်ခေါင်းဆောင် Mohamed Dagalo တို့ ၂ ယောက်စလုံးအနေနဲ့ မြေပြင်မှာ တိုက်ပွဲတွေရပ်အောင် တကယ်လုပ်နိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ အကဲခတ်တွေက ပြောနေကြပါတယ်။ ဒီမတိုင်ခင်မှာတော့ သူတို့ ၂ ယောက်စလုံးက ဒီစစ်ပွဲကို နိုင်အောင်တိုက်မယ်လို့ ပြောထားသလို၊ Jeddah ကိုလည်း ၂ ဘက်ဆွေးနွေးမှုတွေလုပ်ဖို့ မသွားခဲ့ကြပါဘူး။ ဆူဒန်စစ်ပွဲတွေကြောင့် လူ ၁.၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

XS
SM
MD
LG