သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတ တရုတ်ပြည်ရောက်


ဆူဒန်သမ္မတ တရုတ်ပြည်ရောက်
ဆူဒန်သမ္မတ တရုတ်ပြည်ရောက်

ဆူဒန်သမ္မတ အိုမာ အယ်လ် ဘရှား (Omar al-Bashir) ဟာ အခု တရုတ်ပြည်မှာ ရောက်နေပါတယ်။ ဒီခရီးစဉ်က အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် စီစဉ်ထားတာထက် တရက်နောက်ကျပြီးမှ ရောက်လာခဲ့တာလို့ ဆူဒန် အရာရှိတွေက ပြောပါတယ်။

ဒီကနေ့မနက် စောစောပိုင်းကပဲ ဆူဒန်သမ္မတဟာ တရုတ်ပြည်ကို ရောက်လာခဲ့ပြီး မနက်ဖြန်ကျရင် တရုတ်သမ္မတ ဟူဂျင်းတောင် (Hu Jintao) နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။ အရင်အစီအစဉ် အတိုင်းဆိုရင် တနင်္လာနေ့ ညနေပိုင်းမှာ သမ္မတ ၂ ဦး တွေ့ဆုံကြဖို့ ရှိတာပါ။

သူ့ရဲ့ခရီးစဉ်ကို ကြာသပတေးနေ့အထိ စီစဉ်ထားတာ အချိန်ထပ်တိုးမယ် မတိုးဘူး ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဆူဒန်သမ္မတရဲ့ တရုတ်ပြည် ခရီးစဉ်ဟာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ခရီးစဉ်ပါ။ ဆူဒန်ပြည်တွင်းစစ်မှာ တာဝန်ရှိတဲ့လူအဖြစ် နိုင်ငံတကာ တရားရုံး (ICC) ကနေ အလိုရှိနေတဲ့ ဆူဒန်သမ္မတကို တရုတ်ပြည်က ဖိတ်ခေါ်ခဲ့တာကြောင့် လူ့အခွင့်အရေး အုပ်စုတွေက အပြစ်တင် ဝေဖန်နေကြပါတယ်။

ဆူဒန်သမ္မတ အိုမာ အယ်လ် ဘရှားက တရုတ်ပြည်ကို တနင်္လာနေ့မှာ ရောက်လာဖို့ ရှိတာကို တာ့ခ်မင်နစ္စတန်နိုင်ငံ အာဏာပိုင်တွေက လေယာဉ်လမ်းကြောင်းကို ပြောင်းခိုင်းခဲ့တယ်လို့ ဆူဒန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အရင်စီစဉ်ထားတဲ့အတိုင်း မဟုတ်ဘဲ လေယာဉ်ပျံသန်းခွင့် အစီအစဉ် ပြောင်းရွှေ့ခဲ့ရတာဟာ အမေရိကန်ရဲ့ ဖိအားပေးတာကြောင့်လို့ ဆူဒန်နိုင်ငံပိုင် ဆူနား သတင်းမှာ ဖော်ပြပါတယ်။

ဆူဒန် အမျိုးသား ကွန်ဂရက်စ် သဘာပတိ ကွက်ဘီ အယ်လ် မဟာ့ဒ်ဒီ (Qutbi al Mahdi) ပြောတာကတော့ ဆူဒန်သမ္မတရဲ့ ခရီးစဉ်ကို ဖျက်သိမ်းဖို့ အမေရိကန်က တရုတ်ကို ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်ဘက်ကတော့ ဘာမှ မှတ်ချက်ပေး တုံ့ပြန်တာ မရှိပါဘူး။

XS
SM
MD
LG