သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးဖြုတ်သတ်ဖြတ်မှုနဲ့ ဆူဒန်သမ္မတကို ICC ဖမ်းဝရမ်း ထပ်ထုတ်


ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘာရှား (Omar al-Bashir) ကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စွဲချက်တင်ထားတဲ့ အမှုတွေထဲမှာ လူသားမျိုးနွယ်တုံးအောင် သတ်ဖြတ်မှုကိုပါ ထည့်သွင်းလိုက်ပြီး သူ့ကို ဒုတိယအကြိမ်အဖြစ် ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ အရင်နှစ်တုန်းကလည်း ICC က မစ္စတာဘာရှားကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ပြစ်မှုထင်ရှားရှိကြောင်း စွဲချက်တင်ခဲြ့ပီး ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လန်ဒန်က ဗွီအိုအေ သတင်းထောက် ဆီလာ ဟန်နက်ဆီ (Selah Hennessy) ပေးပို့ထားတဲ့ သတင်းလွှာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဆူဒန်သမ္မတ အယ်လ်-ဘာရှား ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထဲမှာ လူမျိုးစု ၃ ခုကို ပစ်မှတ်ထားပြီး မျိုးတုံးအောင် သတ်ဖြတ်မှု Genocide လည်း ပါဝင်တာ ဖြစ်တယ်လို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ပြောခွင့်ရသူ ဆွန်ဂျာ ရော့ဘ်လာ (Sonja Robla) က ပြောပါတယ်။

“မစ္စတာ အယ်လ်-ဘာရှားဟာ ဖူး (Fur)၊ မာဆာလစ် (Masalit) နဲ့ ဇာဂါဝါ (Zaghawa) လူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ကြောင်း သက်သေ အထောက်အထားတွေ ရှိတယ်လို့ ICC တရားသူကြီးတွေက ယူဆကြတာ ဖြစ်ပါတယ်။”

ICC က မစ္စတာ အယ်လ်-ဘာရှားကို အရင်နှစ်ကတည်းက ပထမအကြိမ် ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းက war crime စစ်ရာဇဝတ် ကျူးလွန်မှုနဲ့ crime against humanity လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဆိုတဲ့ ၂ ချက်နဲ့ပဲ စွဲချက်တင်ခဲ့တာပါ။ လူမျိုးတုံး သတ်ဖြတ်မှုကိုတော့ သက်သေ အထောက်အထား မလုံလောက်လို့ဆိုပြီး ချန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခုတခါမှာတော့ မစ္စတာ အယ်လ်-ဘာရှားဟာ လူမျိုးတုံး သတ်ဖြတ်မှုကိုပါ ကျူးလွန်ခဲ့ကြောင်း သက်သေ အထောက်အထားတွေ ရှိတယ်လို့ ICC က တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တဲ့အကြောင်း ICC ပြောခွင့်ရသူ မစ်စ် ရော့ဘ်လာက ပြောခဲ့တာပါ။

“အခုဆိုရင် မစ္စတာ အယ်လ်-ဘာရှား စွဲချက်တင်ခံရတဲ့ အမှုတွေထဲမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တာလည်း ပါဝင်ပြီ ဖြစ်ပါတယ်။ မစ္စတာ အယ်လ်-ဘာရှားဟာ သူ ပစ်မှတ်ထား သတ်ဖြတ်တဲ့ လူမျိုးစု တခုစီကို လူမျိုးနွယ် ပျက်သုဉ်းလောက်တဲ့အထိ ကိုယ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။”

သမ္မတ ဘာရှားကတော့ သူ့ကို စွဲချက်တင်ထားတာတွေကို ငြင်းဆိုထားပါတယ်။ အခုချိန်ထိလည်း သူ့ကို နိုင်ငံတကာက မဖမ်းရသေးပါဘူး။

အီးလစ်စ် ကက်ပ်လာ (Elise Kepler) ကတော့ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က နိုင်ငံတကာ တရားမျှတမှု လေ့လာရေး ဌာနက ဖြစ်ပါတယ်။ မစ္စတာ အယ်လ်-ဘာရှားကို ICC က ဖမ်းဝရမ်း ထုတ်ထားတာကို ဆူဒန်အစိုးရ အနေနဲ့ ပူးပေါင်း ဆောင်ရွက်လာအောင်လို့ လုံခြုံရေးကောင်စီက ဖိအားပေးသင့်တယ်လို့ သူက ပြောပါတယ်။

“မစ္စတာ ဘာရှားနဲ့ တခြား ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယဖြစ်ရသူတွေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ရောက်လာရေးအတွက် လုံခြုံရေးကောင်စီက လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒါမှပဲ တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရှိကြောင်း စီရင်တာနဲ့တင် မလုံလောက်ပါဘူး၊ တရားခံတွေ တရားရုံးကို ရောက်လာဖို့လည်း လိုအပ်ပါတယ်။”

မစ္စတာ ဘာရှားဟာ အာဏာရ နိုင်ငံ့ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ICC ရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မစ္စတာ ဘာရှားကို ဖမ်းဝရမ်း ထုတ်ထားတာကို အာဖရိက သမဂ္ဂလို ဒေသတွင်း အဖွဲ့အစည်း အပါအဝင် နိုင်ငံတွေ တော်တော်များများက ကန့်ကွက်ထားပါတယ်။ မစ္စတာ ဘာရှားကို ဖမ်းဆီးလိုက်တာဟာ ဒါဖော ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတားတွေ ဖြစ်စေလိမ့်မယ်လို့ သူတို့က ယူဆနေတာကြောင့် ဖြစ်ပါတယ်။ ကုလသမဂ္ဂ ကိန်းဂဏန်းတွေအရ လွန်ခဲ့တဲ့ ၇ နှစ်က စတင်ခဲ့တဲ့ ဆူဒန်နိုင်ငံ အနောက်ပိုင်း ဒါဖောဒေသက ပဋိပက္ခတွေကြောင့် လူပေါင်း ၃၀၀,၀၀၀ အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG