ဆူဒန်နိုင်ငံ တောင်ပိုင်းဒေသရဲ့ သမိုင်းဝင် လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲက အစောပိုင်း ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ ကမ္ဘာမှာ နောက်ဆုံးထွက်ပေါ်လာနိုင်တဲ့ နိုင်ငံအဖြစ် ရောက်ဖို့ ဒေသခံတွေ တခဲနက် မဲထည့်ခဲ့ကြတာ တွေ့ရပါတယ်။
တောင်ပိုင်းဒေသရဲ့ မြို့တော် Jubau က မဲရုံ ၁၀ ရုံမှာ မဲပေါင်း ၃၀,၀၀၀ လာထည့်ခဲ့ကြပြီး အဲဒီထဲမှာ ၉၆% က မြောက်ပိုင်းကနေ ခွဲထွက်ဖို့ မဲပေးကြတယ်ဆိုတာ အစောပိုင်း ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ သိရတယ်လို့ AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒေသတလွှားက တခြားမဲရုံတွေမှာလည်း ရလဒ်က အဲဒီလိုပဲ ဖြစ်လိမ့်မယ်လို့ လေ့လာ အကဲခတ်တွေက ဆိုပါတယ်။
မဲပေးမှုတွေ ပြီးဆုံးသွားပြီးတဲ့ နောက်ပိုင်း အများပြည်သူကို ပထမဆုံး ပြောကြားမှုမှာတော့ တောင်ပိုင်းသမ္မတ ဆာလ်ဗာ ကီ (Salva Kiir) က ဒုက္ခမျိုးစုံ ခံစားခဲ့ရတဲ့ ပြည်တွင်းစစ်အတွက် မြောက်ပိုင်းက လူတွေကို ခွင့်လွှတ်လိုက်ကြဖို့ တနင်္ဂနွေနေ့က တိုက်တွန်းသွားပါတယ်။
အခု ပြည်သူ့ဆန္ဒ ခံယူပွဲဟာ မွတ်ဆလင် အများစု နေထိုင်တဲ့ မြောက်ပိုင်းနဲ့ ခရစ်ယာန်နဲ့ နတ်ကိုးကွယ်သူတွေ အများစု နေထိုင်တဲ့ တောင်ပိုင်းအကြား ၂၁ နှစ်ကြာ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။ မဲပေးမှုတွေက သီတင်းတပတ် အကြာမှာ ပြီးဆုံးသွားတာပါ။
ပဏာမ ရလဒ်တွေကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ ကြေညာမှာဖြစ်ပြီး နောက်ဆုံးရလဒ်ကတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အစောဆုံး ထုတ်ပြန်မှာ ဖြစ်ပါတယ်။
မဲလာထည့်ဝင်သူ အရေအတွက်က မဲကို အတည်ပြုဖို့ လိုအပ်တဲ့ မဲအရေအတွက်ထက် အများကြီး ပိုများတယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။ မဲပေးမှုတွေက အေးအေးချမ်းချမ်းနဲ့ပဲ ပြီးဆုံးသွားခဲ့ပြီး လူပေါင်း ၄,၀၀၀,၀၀၀ နီးပါးက မဲပေးဖို့ စာရင်းပေးခဲ့ကြပါတယ်။