ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Volker Perthes ကို လူလဲပေးဖို့ ဆူဒန်စစ်တပ် အကြီးအကဲ Abdel Fattah al-Burhan က တောင်းဆိုလိုက်ပြီးတဲ့နောက် ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ ဟာ အပစ်အခတ်ရပ်စဲရေး ကို နောက်ထပ် ၅ ရက် တိုးဖို့ သဘောတူလိုက်ကြကြောင်း တနင်္လာနေ့ နှောင်းပိုင်းက ကြေညာလိုက်ကြပါတယ်။ သဘောတူညီချက် ကို ချိုးဖောက်နေကြတဲ့အတွက် ကြားဝင်စေ့စပ်နေသူတွေက စိတ်မရှည်နိုင်ဖြစ်နေချိန်မှာပဲ ခုလို ကြေညာလိုက်တာပါ။
ဆူဒန်စစ်တပ် က ကုလသမဂ္ဂ ကို ပေးပို့တဲ့ စာထဲမှာ Volker ဟာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်ကိုမီးစမွှေးခဲ့သူ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ Burhan ရဲ့ စာကြောင့် တုန်လှုပ်ရပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကဆိုပါတယ်။
မစ္စတာ Volker ဟာလိမ်လည် သတင်းမှားတွေပေးခဲ့တယ်လို့ စာထဲမှာစွပ်စွဲထားပါတယ်။ ကုလသမဂ္ဂကို ပို့ခဲ့တဲ့ အစီရင်ခံစာတွေထဲမှာ Volker Perthes ဟာ ဆွေးနွေးနေကြသူတွေ သဘောတူကြသယောင် ထင်ယောင်ထင်မှားလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ မနှစ်တုန်းကလည်း စစ်တပ်နဲ့အစ္စလာမ်ဝါဒီတွေက Volker Perthes နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကို နိုင်ငံခြားစွက်ဖက်မှုအဖြစ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။
လူသားချင်းစာနာထောက်ထားရေးအတွက် အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဖျန်ဖြေပေးခဲ့တဲ့ အမေရိကန် ကတော့ Volker Perthes ကို ခိုင်ခိုင်မာမာထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါတယ်။
ခုဖြစ်ပွါးနေတဲ့ ပဋိပက္ခကြောင့် လူ ၁၈၀၀ ကျော်သေဆုံးခဲ့တဲ့အပြင် ပြည်တွင်း အိုးအိမ် စွန့်ခွါထွက်ပြေးကြရသူ ၁ သန်းကျော်ရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေရောက်ဆူဒန်ဒုက္ခသည် ၃ သိန်း ၁ သောင်း ၉ ထောင် ရှိတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။
ဆူဒန်နိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်ရေးကို ကူးပြောင်းဖို့ ဆွေးနွေးနေကြစဥ်မှာ ခုစစ်ဖြစ်နေကြတဲ့ စစ်တပ် အကြီးအကဲ Burhan နဲ့ သူ့ရဲ့ ဒုတိယအကြီးအကဲ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် Daglo တို့က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ကြတာကြောင့် ဒီမိုကရေစီ အကူးအပြောင်းဖြစ်စဥ် ရပ်သွားခဲ့ရတာဖြစ်ပါတယ်။ Daglo ရဲ့ ပြည်သူ့စစ်အဖွဲ့ကို စစ်တပ် အတွင်းသွတ်သွင်းရေးကိစ္စနဲ့ပတ်သက်ပြီး သဘောကွဲရာက နှစ်ဘက် တိုက်ခိုက်ကြတဲ့အထိ ဖြစ်လာခဲ့တာပါ။