သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေ အစားထိုး


နေပြည်တော် ရှိ အမျိုးသား လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် အမတ်များ ကျမ်းကျိန်စဉ်၊ ဧပြီ ၂၃၊ ၂၀၁၂။
နေပြည်တော် ရှိ အမျိုးသား လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် အမတ်များ ကျမ်းကျိန်စဉ်၊ ဧပြီ ၂၃၊ ၂၀၁၂။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် နေရာတွေကို ဗိုလ်မှုးအဆင့် ကိုယ်စားလှယ်တွေ အစား ရာထူးကြီးတဲ့ ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီး နဲ့ ဒုဗိုလ်မှုးကြီး ၅၉ ယောက်နဲ့ ဒီကနေ့ အစားထိုး ခန့်ထား လိုက်ပါတယ်။ ဒီလို ရာထူးမြင့်တဲ့ ကိုယ်စားလှယ်တွေ ပြောင်းလဲ ခန့်ထားလိုက်တာ ဘာကြောင့် ပါလဲ။ ဒါဟာ လွှတ်တော်နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှု အခန်း ကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ် တာဖြစ်နိုင်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို ကာကွယ်ဖို့ ဖြစ်နိုင်ကြောင်း သုံးသပ်ချက်တွေ ရှိနေပါတယ်။

လွှတ်တော်အသီးသီးရဲ့ တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ဒီကနေ့ စတင်ချိန် မှာပဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ဗိုလ်မှုး အဆင့် တပ်မတော်သားကိုယ်စားလှယ် ၅၉ ဦးကို အခြားအဆင့်မြင့် အရာရှိတွေ နဲ့ ခန့်ထား လိုက်ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ပြည်သူ့ လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှုး ၃၉ ယောက်နဲ့ အမျိုးသား လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှုး ၂၀ ယောက်အစား ဗိုလ်မှုးချုပ် ၈ယောက်၊ ဗိုလ်မှုးကြီး ၁၄ ယောက်နဲ့ ဒုဗိုလ်မှုးကြီး ၃၇ ယောက် နဲ့ အစားထိုး ခန့်ထားလိုက်တာဖြစ်ပါတယ်။

ဒီလို အဆင့်မြင့်အရာရှိကြီး ၆၀ နီးပါး လောက်ကို တပြိုင်တည်းပြောင်းလဲ ခန့်ထားလိုက်တဲ့အပေါ်မှာ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်က အခုလို သုံးသပ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်က တပ်မတော်သား ကိုယ်စားလှယ်တွေ စာရင်း စထွက်တော့ ဗိုလ်ကြီးတွေ၊ ဗိုလ်မှုးတွေများ တာပေါ့ဗျာ။ အရာရှိငယ်တွေပေ့ါ။ လူကြီးဆိုလို့ ဗိုလ်မှုးကြီးလောက် ၂- ၃ ယောက်လောက်ပါတာ တွေ့တာ ပေါ့နော်။ အဲတော့ကာ လွှတ်တော် ကဏ္ဍမှာ တပ်မတော်က များများစားစား အလုပ်လုပ်ဖို့ မရှိလို့လား ထင်ရတာ ပေါ့နော်။ ဒါပေမဲ့ ပြီးခဲ့တဲ့တနှစ်လုံးမှာ လွှတ်တော် နိုင်ငံရေးက အများပြည်သူ ထင်တာထက် ပိုပြီးတော့ သွက်သွက် လက်လက် ဖြစ်လာတယ်ဗျာ။ အုပ်ချုပ်ရေးပိုင်းကို check and balance လုပ်တဲ့ အပိုင်းတွေ မှာ တော်တော် ထိထိရောက်ရောက် လုပ်လာတာတွေ တွေ့တယ်။ ဆိုတော့ အခု တပ်မတော်သား ကိုယ်စားလှယ်တွေ ပိုပြီး အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ခန့်လာတာသည် လွှတ်တော်နိုင်ငံရေးက ပိုအရေးကြီး လာအတွက်ကြောင့်ဆိုတာ တချက်ဖြစ်နိုင်တာပေါ့။”

အခြားအချက် ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လွှတ်တော်အတွင်း ဝင်လာနိုင်တဲ့ အခြေအနေကြောင့် လည်း ဖြစ်နိုင်တယ်လို့ ဆရာ ဖေမြင့် က ဆက်ပြောပါတယ်။

“နောက်တချက်က အန်အယ်ဒီကလည်း ဝင်လာမယ်ပေါ့နော်။ အန်အယ်ဒီကလည်း ဒီလွှတ်တော်ထဲကို ဝင်လာရတဲ့ အထဲမှာ အဓိက တခုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်။ အဲတော့ လွှတ်တော် နိုင်ငံရေးမှာ တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်လာလိမ့်မယ်လို့ မြင်ရတာပေါ့နော်။ အဲတော့ တပ်မတော်ကလည်း သူနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်တွေကို ပိုပြီးတော့ စောစောကထက် ပိုထိထိရောက်ရောက် အလုပ်လုပ်နိုင်မယ့် ပို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ထည့်ပေးလာတယ်လို့ ဒီလိုပဲ စဉ်းစားလို့ ရတာပေါ့။”

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“နှစ်ချက်ပေါ့နော်။ လွှတ်တော်တွေ အပေါ်မှာ တပ်မတော်ရဲ့ အလေးအနက် ထားမှုကို ဖော်ပြချင်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ နောက်တချက်က လွှတ်တော် ကျင်းပခါနီး လောက်မှာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ကျမ်းကျိန်လွှာ နဲ့ ပတ်သက်လို့ ဖြစ်နေကြတဲ့ အပိုင်းမှာ။ အခုလို သူတို့ ကျမ်းမကျိန်ရင် လည်းဘဲ ကျမ်းကျိန် မယ့် လူအင်အားကို ပြချင်လို့လား။ ကျမ်းကျိန်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်ဆိုတာ ပြချင်လို့ ရုတ်တရက် များ ပြောင်းလဲ လိုက်တာလား ဆိုတဲ့ အပိုင်း နှစ် ပိုင်းတော့ ရှိလာတာပေါ့နော်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုေ၀ ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပြောင်းလဲတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။

“အဆင့်မြင့်တဲ့ စစ်ဗိုလ်ကြီးတွေက ဒီထဲမှာ ရောက်လာတယ် ဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ဘာဖို့ ကျတော့ ဒါဟာ နည်းနည်း တွန့်ဆုတ်သွားအောင် လုပ်လိုက်တာလည်း ဖြစ်နိုင်တာပေါ့နော်။”

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုံးက လွှတ်တော် အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက်ကို ခန့်ထားရာမှာတော့ ဗိုလ်မှုးကြီး ငါး ယောက်သာ ပါဝင်ပြီး ကျန် ကိုယ်စားလှယ် အများစုဟာ ဗိုလ်မှူး နဲ့ ဗိုလ်ကြီး အဆင့်တွေ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ အရင် စစ်အစိုးရ လက်ထက် က ရေးဆွဲခဲ့တာ ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် နဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အလေးထား ထည့်သွင်းထား တာကြောင့် ဒီမိုကရေစီနည်း မကျဘူးလို့ အတည် မပြုခင်ကတည်းက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။ အများစု ဝေဖန် ထောက်ပြ တာကတော့ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း ဒေသကြီး နဲ့ ပြည်နယ် လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေး ဦးစီးချုပ်က ခန့် အပ်နိုင်တယ် ဆိုတဲ့ အချက် လည်းတချက် အပါအဝင်ဖြစ်ပါတယ်။

XS
SM
MD
LG