= = =[ Zawgyi ]= = =
ဆူဒန် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ ၃ ဦးသေဆုံး
ဆူဒန်နိုင်ငံက Khartoum မြို့တော် အပါအဝင် မြို့ကြီးတွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ ကြာသပတေးနေ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ၆၀ ထက်မနည်း ရှိသွားပြီလို့လည်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးထောက်ခံနေတဲ့ ဆူဒန်ဆရာဝန်များ ကော်မတီက ပြောပါတယ်။
ကြာသပတေးနေ့က သေဆုံးသူတွေဟာ မြို့တော်ကနေ နိုင်းမြစ်တဖက်ကမ်းမှာရှိကြတဲ့ Omdurman နဲ့ Bahri မြို့တွေက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတာလို့လည်း ပြောပါတယ်။ ဆူဒန်ခေါင်းဆောင်ဟောင်း Omar al-Bashir ကို ဖြုတ်ချခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က အာဏာခွဲဝေရေး သဘောတူညီချက်အရ အုပ်ချုပ်နေတဲ့ အသွင်ကူးပြောင်းရေး အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ဖိအားပေးတဲ့အနေနဲ့ ဆန္ဒပြသူတွေဟာ မြို့တော်မှာရှိတဲ့ သမ္မတနန်းတော်အနီးအထိရောက်အောင် ကြိုးပမ်းခဲ့ကြတာပါ။
အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်ချက်အရဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ ဆူဒန်စစ်အာဏာပိုင်တွေဖက်ကတော့ ကြာသပတေးနေ့က ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို ခွင့်ပြုထားပေမဲ့ ထိခိုက်မှုသေကျေအောင် လုပ်တဲ့သူတွေကိုတော့ အရေးယူမှာဖြစ်ကြောင်း အာဏာပိုင်တွေက အစောပိုင်းမှာ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူအများအပြား သေဆုံးခဲ့တဲ့ Omdurman မြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေသုံး ပစ်ခတ်နှိမ်နင်းခဲ့သလို၊ ကျည်ကာကားတွေနဲ့ တက်နင်းတာတွေ ရှိခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့သူ တချို့ကပြောပါတယ်။
= = ={ Unicode } = = =