သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထူးခြားစွာ လကြတ်တဲ့ ဖြစ်စဉ် ၃ မျိုး ဇန်နဝါရီလ ၃၁ ရက်နေ့ည ကမ္ဘာက မြင်တွေ့မည်


ဇန်နဝါရီလ ၃၁ ဗုဒ္ဓဟူးနေ့ဟာ လပြည့်နေ့ဖြစ်ပြီး Supermoon, Blue Moon နဲ့ Blood Moon လို့ခေါ်တဲ့ လနဲ့ပတ်သက်တဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေသုံးရပ်ပေါင်းစုတဲ့နေ့မို့ ထူးခြားတဲ့နေ့တနေ့ ဖြစ်ပါတယ်။

Blue Moon လို့ခေါ်တဲ့ တလတည်း လနှစ်ခါပြည့်တဲ့လမှာ Supermoon လို့ခေါ်တဲ့ ကြီးမားတဲ့ လကြီးကို မြင်ကြရမှာ ဖြစ်သလို လုံးဝ လကြတ် တာကိုပါ တွေ့ကြရမှာပါ။ ဒီထူးခြားတဲ့ ဖြစ်စဉ်ပေါ်အတွက် ကမ္ဘာတဝှမ်း ကြယ်နက္ခတ် စူးစမ်းလေ့လာသူတွေက လေ့လာမှတ်တမ်းတင်ဖို့ ပြင်ဆင်နေကြပါပြီ။

လဟာ ကမ္ဘာလိုပဲ တခြမ်းမှာ နေရောင်ရချိန် နောက်တခြမ်းက မှောင်နေတတ်တာပါ။ ကမ္ဘာကနေကြည့်ရင် ကမ္ဘာကိုပတ်နေတဲ့ လရဲ့လင်းတဲ့ အခြမ်းကို ပုံစံအမျိုးမျိုးနဲ့ မြင်ရပါ တယ်။ နေနဲ့ကမ္ဘာကြား လ ရောက်ချိန်ဟာ ၂၉ ရက်ခွဲမှာ တခါကြုံရတာမို့ အဲဒီအချိန်မှာ လကို အပြည့်ဝဆုံး မြင်ရတာမို့ လပြည့်လို့ခေါ်ပါတယ်။ လဟာကမ္ဘာကို ဘဲဥပုံသဏ္ဍန် လမ်းကြောင်းအတိုင်း လည်ပတ်နေပြီး တခါတလေမှာ လဟာ ကမ္ဘာနဲ့ အနီးကပ်ဆုံး အနေအထားကို ရောက်သွားပါတယ်။ အဲဒီအခါ လဟာ အပြည့်ဆုံးနဲ့ အလင်းဆုံးအချိန် ကောင်းကင်မှာပေါ်လာပြီး ဒါကို Supermoon လို့ခေါ်ပါတယ်။

Bluemoon ဆိုတာဟာ အပြာရောင်ရှိတဲ့ လကိုပြောတာမဟုတ်ဘဲ တစ်လတည်းမှာပဲ လပြည့်ရက်နှစ်ရက်ဖြစ်တဲ့ ဖြစ်စဉ်ကို ဆိုလိုတာပါ။ ဒီနှစ်မှာတော့ ထူးထူးခြားခြား Bluemoon ဖြစ်စဉ်ကို ဇန်နဝါရီလနဲ့ မတ်လမှာ ကြုံရမှာဖြစ်ပါတယ်။

Blood Moon ဆိုတာကတော့ လအပြည့်ကြတ်တဲ့ ဖြစ်စဉ်ကို ဆိုလိုတာပါ။ လရဲ့ ပတ်လမ်း ဟာ ကမ္ဘာ့ပတ်လမ်းနဲ့ မတူဘဲ ၅ ဒီဂရီလောက် စောင်းနေတာမို့ နေကိုပတ်နေတဲ့ ကမ္ဘာရဲ့ လမ်းကြောင်းနဲ့ လွဲနေတတ်ပါတယ်။ ဒါပေမယ့် တနှစ်မှာနှစ်ခါတော့ ကမ္ဘာ့ပတ် လမ်းပြင်ပေါ်မှာ ဖြတ်လေ့ရှိပါတယ်။ ဒီအခါမှာ လဟာ ကမ္ဘာရဲ့ အရိပ်ထဲရောက်သွားပြီး လုံးဝမမြင်ရတော့ပဲ လကြတ်ပါတယ်။ အရိပ်ကျတဲ့ဘက်ကို လ ရောက်သွားချိန်မှာ နေကလာတဲ့ အလင်းတန်းတွေဟာ ကမ္ဘာ့လေထုကိုဖြတ်ပြီး လပေါ်ကိုကျတဲ့အခါ အနီရောင်သန်းတဲ့ အရောင်ကို မြင်ရပါတယ်။

အခုလို ထူးထူးခြားခြား တစ်လတည်းမှာပဲ ကမ္ဘာနဲ့ အနီးကပ်ဆုံးလည်းဖြစ် ဒုတိယအကြိမ် လပြည့်ချိန်လည်း ဖြစ်ပြီး လကြတ်တဲ့ဖြစ်စဉ်နဲ့ သုံးခု စုပေါင်းပြီး ဖြစ်ပေါ်တာကြောင့် Super Blue Blood Moon လို့ခေါ်တာဖြစ်ပါတယ်။ ဒီထူးခြားတဲ့ ဖြစ်စဉ်မျိုးကို ကမ္ဘာမှာ ၁၉၈၂ ခုနှစ်မှာ တစ်ခါကြုံခဲ့ရပြီး နောက်တစ်ခါကြုံရမှာကတော့ ၂၀၃၇ ခုနှစ်မှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၁၅၀ အတွင်း ပထမဆုံးအကြိမ်ပြန်ကြုံရတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။

XS
SM
MD
LG