သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Super Tuesday အကြိုရွေးကောက်ပွဲ မြန်မာမဲဆန္ဒရှင်တချို့အမြင်


အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်ပါတီနဲ့ ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မတလောင်း နေရာ ယှဉ်ပြိုင်နေသူတွေအတွက် အရေးကြီးတဲ့ Super Tuesday ခေါ် အဂါၤနေ့ သမ္မလောင်း ပဏာမရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။

အခုအသံလွှင့်နေတဲ့အချိန်မှာပဲ မဲရုံတွေ ပိတ်တော့မှာဖြစ်ပါတယ်။ ပြည်နယ် တဒါဇင်လောက်မှာကျင်းတဲ့ ရွေးကောက်ပွဲ ရလဒ်တွေမှာ ဒီမိုကရက်ဘက်မှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က အသာစီးရပြီး ရီပတ်ဘလစ်ကန်ဘက်မှာ ဘီလျံနာ သူဌေးကြီး Donald Trump က ရှေ့ကပြေးနေမယ်လို့ လူထုစစ်တမ်းတွေ ခန့်မှန်းထားကြပါတယ်။ ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

Super Tuesday လို့ခေါ်တဲ့ အဂါၤနေ့ကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲ ရလဒ်တွေပေါ် အခြေခံပြီး ဘယ်ပါတီက ဘယ်သူ့ကို သမ္မတလောင်း အဖြစ် အမည်စရင်း တင်သွင်းနိုင်မလဲ ဆိုတာ ပြတ်ပြတ်သားသား ပိုပြီး မြင်လာရဖို့ ရှိနေပါတယ်။ ဒါကြောင့်လည်း မနေ့က ရွေးကောက်ပွဲတွေ ကျင်းပနေတဲ့အချိန်အထိ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်ပွဲတွေ ဆက်ပြီး ကျင်းပနေခဲ့ကြတာပါ။ ရီပတ်ဗလစ်ကန်ပါတီက ရှေ့ကနေ ပြေးနေတဲ့ ဘီလျံနာသူဌေးကြီး Donald Trump ကတော့ မနေ့က အိုဟိုင်းယိုး ပြည်နယ်မှာ ရောက်နေခဲ့တာပါ။

“ဟီလာရီကလင်တန်ဟာ သမ္မတဖြစ်ဖို့အတွက် အင်အားရော၊ ရေရှည်သွားနိုင်စွမ်းရော မရှိပါဘူး။ ကျနော် ဒဲ့ဒိုးပဲ ပြောပါမယ်။ အစည်းအဝေးတခါတက်ပြီး ငါးရက်လောက် ပျောက်ပျောက်နေတာပဲ ကြည့်ပါ။ အစည်းအဝေးတွေမှာ မေးခွန်းမေးတဲ့သူတွေနဲ့ ကြိုညှိပြီး လုပ်နေတာပါ။ ဒါမျိုး ကျနော်တို့ မလုပ်ပါဘူး။”

နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ကတော့ မနေ့က Minnesota ပြည်နယ်မှာ ရောက်နေခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေဟာ သမ္မတလောင်း ဖြစ်ရေး မဲဆွဲပွဲတွေမှာ မလုပ်သင့်တဲ့ လုပ်ရပ်ဆိုပြီး သူက ဖေဝန်ပြောဆိုပါတယ်။

“မတော်မတရား ဗိုလ်ကျတာ၊ သဘောထားမတူတဲ့သူတွေကို တိုက်ခိုက်တာမျိုးတွေ မြင်ရသမျှ ဒီကိစ္စတွေကို ကျမ အမြဲ ဆန့်ကျင်ပြောနေခဲ့တာပါ။ ရီပတ်ဗလစ်ကန်ပါတီ ကိုယ်စားလှယ်တွေကြားမှာလည်း ဒီလို ပြောဆိုတာမျိုးတွေ ကျမ တော်တော်လေး ကြားနေရပါတယ်။ သူတို့မဲဆွယ်တာတွေက အကြောင်းအရာတွေပေါ် အခြေခံဖို့ မေ့နေပုံရတယ်။ စော်ကားမော်ကားပြောတာတွေကို အဓိက ထားနေတာ တွေ့နေရပါတယ်။”

CNN သတင်းဌာနနဲ့ ORC လူထုစစ်တမ်းအဖွဲ့ ကောက်ခံချက်တွေအရ ဒီမိုကရက်ဘက်မှာ Hillary Clinton က ၅၅ ရာခိုင်နှုန်းနဲ့ အသာစီးရနေပြီး အထက်လွှတ်တော်အမတ် Bernie Sanders က ၃၈ ရာခိုင်နှုန်း ရနေပါတယ်။ ရီပတ်ဘလစ်ကန်ဘက်မှာ Donald Trump ကပဲ ၄၉ ရာနိုင်နှုန်းနဲ့ ရှေ့က ပြေးနေပါတယ်။ အဂါၤနေ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ Texas ပြည်နယ်က လွဲလို့ တခြားပြည်နယ် ဆယ်ခုမှာ Donald Trump အသာစီးရမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ရီပတ်ဗလစ်ကန်ပါတီအတွင်း ယှဉ်ပြိုင်နေတဲ့ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကတော့ အခုလို ပြောပါတယ်။

“ဒီ Texas ပြည်နယ်မှာ ကျနော့အတွက် အခြေအနေ သိပ်ကောင်းတယ်လို့ မြင်ပါတယ်။ နောက်ဆုံး Texas ပြည်နယ်က ပြည်သူတွေက သာ အဆုံးအဖြတ်ပေးရမှာပါ။ ဒါက သံသယမရှိပါဘူး။ ဘယ် ကိုယ်စားလှယ်မဆို ကိုယ့်ပြည်နယ်မှာတောင် မနိုင်တော့ဘူးဆိုရင် တကယ်ပဲ ပြသနာရှိပါတယ်။”

Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကိုထောက်ခံသူတွေထဲမှာ Huston မှာနေထိုင်တဲ့ မြန်မာအင်ဂျင်နီယာတဦးဖြစ်တဲ့ ဦးမျိုးအေးသိန်းလည်း ပါပါတယ်။ သူက မနေ့က Huston မြို့မှာ မဲရုံကို သွားပြီး မဲထည့်ခဲ့တာပါ။

“အရင်တုန်းကတော့ စိတ်ဝင်စားတာက ဒီ ကျနော်တို့ ဒီနိုင်ငံက Texas ပြည်နယ်က Bush Country ပေါ့ဗျာ။ Bush ရဲ့ အမျိုးအဆွေ၊ အဆက်တွေကို သူတို့က ကြိုက်ကြတဲ့အတွက် ကျနော်တို့က ပထမမှန်းထားတာက Jeb Bush ကို ရှိဦးမယ်လို့ မှန်းထားတာ။ ဒါပေမဲ့ Jeb Bush မရှိတော့တဲ့အတွက်ကြောင့် ကျနော်တို့က အဲဒါနဲ့ နောက်ထပ် တယောက်ပေါ့နော်၊ နောက်ထပ် Reliable (ယုံကြည်စိတ်ချရမယ့်သူ) တယောက်ကို ကျနော့်အနေနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။”

Texas ပြည်နယ် သမ္မတလောင်းရွေးချယ်ပွဲတွေမှာ လူဝင်မှုကြီးကြပ်ရေးကိစ္စက အဓိက အဓိက လွှမ်းမိုးနေတယ်လို့ မြင်တဲ့အကြောင်း ဦးမျိုးအေးသိန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ကျင်းပတဲ့ ဒီမိုကရက်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးကောက်ပွဲမှာတော့ Hillary Clinton ကို ထောက်ခံတဲ့သူ များပါတယ်။ မဲပေးသူတွေထဲမှာ ဗားဂျီးနီးယားပြည်နယ် Fairfax County မှာနေထိုင်တဲ့ ကိုငယ်လည်း ပါပါတယ်။

“သူလည်း အင်မတန်ကြိုးစားပြီးတော့ ထက်မြက်တဲ့ အမျိုးသမီးတယောက်ပဲလေ၊ သမိုင်းမှာ ဒီလို အမျိုးသမီးမျိုး တခါမှ မရှိဘူးသေးဘူးလေ၊ အမေရိကန် သမိုင်းမှာ။ အဲဒီတော့ ကျနော်တို့က သူတို့ အမေရိကန် သမ္မတဖြစ်စေချင်တယ်ပေါ့နော်။ နောက်ပြီးတော့ ဒီမိုကရက်ပါတီက ကျနော်တို့ လူလတ်တန်းစားတွေအတွက် (Tax) အခွန်တွေဘာတွေလည်း လျော့ကျအောင်လို့၊ နောက်ပြီးတော့ Obamacare ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ဆောင်တာတွေ ကြိုက်လို့။”

ဒါပေမဲ့လည်း ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်သူ ဒီမိုကရက်ပါတီဝင် အားလုံး Hillary Clinton ကို ထောက်ခံကြတာ မဟုတ်ပါဘူး။ မြန်မာနွယ်ဖွား တဦးဖြစ်တဲ့ ဒေါ်နီနီတင့်ကတော့ Bernie Sanders ကို ထောက်ခံသူပါ။

“သူ့ကို ကြိုက်တာက သူက အများစုကောင်ကျိုးအတွက် အရမ်းကို စဉ်းစားတယ်။ ပြီးတော့ သူမှာ (Wisdom) အမျှော်အမြင်ရှိတယ်လို့ ကျမထင်တယ်။ သူ Foreign Policy မှာ ပိုနားလည်တယ်လို့ ထင်တယ်။ ဘာပြုလို့လည်း ဆိုတော့ ဆီးရီးယားတုန်းကရော၊ လစ်ဗျားတုန်းကရော အရှေ့အလယ်ပိုင်းက အာဏာရှင်တွေကို ဒီလိုကြီး ဘုန်းကနဲ ဖြုတ်ချလိုက်လို့ မရဘူးဆိုတာ သူက အမျှော်အမြင်ရှိပြီး သိခဲ့တယ်။ အဲလို လုပ်လို့ မရဘူးဆိုတာ။”

Super Tuesday အဂါၤနေ့ သမ္မတ ပဏာမရွေးချယ်ပွဲ ရလဒ်တွေကတော့တော့ အခုအသံလွှင့်ပြီး နာရီပိုင်းအတွင်း ပြည်နယ် တခုပြီးတခု ရလဒ်တွေ ဆက်တိုက်ဆိုသလို တရားဝင် ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီ ရွေးကောက်ပွဲ ရလဒ်တွေအရ ပါတီတွင်း သမ္မတလောင်းပြိုင်ပွဲ ကြိုးဝင်းထဲကနေ ဘယ်သူတွေ လက်ပြနုတ်ဆက်သွားကြမလဲဆိုတာကိုလည်း အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG