သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာလည်း အသေအပျောက်ရှိ


ဟိုင်ဖွန်း (Hai Phong) ဒေသအတွင်း Yagi လေပြင်းမုန်တိုင်း ကျရောက်နေစဉ် (Photo by NHAC NGUYEN / AFP)
ဟိုင်ဖွန်း (Hai Phong) ဒေသအတွင်း Yagi လေပြင်းမုန်တိုင်း ကျရောက်နေစဉ် (Photo by NHAC NGUYEN / AFP)

အခုနှစ် အာရှမှာတိုက်တဲ့ မုန်တိုင်းတွေထဲ အင်အားအပြင်းဆုံး စူပါမုန်တိုင်း Yagi ဟာ ဒီနေ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာမှာ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဗီယက်နမ် မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ တနာရီ ၉၂ မိုင်ထက်မနည်းတဲ့ လေပြင်းတိုက်နှုန်းနဲ့ ဟိုင်ဖွန်း (Hai Phong) နဲ့ ကွမ်နင်း (Quang Ninh) နယ်တွေဘက်ကို ဒီနေ့ စနေနေ့မနက်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ Yagi မုန်တိုင်းကြောင့် ၄ ယောက်ထက်မနည်း သေဆုံးပြီး ၇၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဗီယက်နမ်တာဝန်ရှိသူတွေက ပြောပါတယ်။

လေပြင်းမုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကနေကျွတ်ထွက်၊ ခေါင်မိုးတွေ၊ ဆိုင်းဘုတ်တွေ လမ်းပေါ် လွင့်ထွက်ကုန်သလို ကမ်းကပ်ထားတဲ့ လှေတွေ၊ သင်္ဘောတွေ ပင်လယ်ထဲ‌ မျောကုန်တယ်လို့ ဗီယက်နမ်သတင်းတွေမှာ ထုတ်ပြန်ပါတယ်။

အစိုးရက မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပြီး၊ မုန်တိုင်းကြောင့် ရေကြီး၊ မြေပြိုနိုင်တဲ့ အန္တရာယ်ကြုံနိုင်သူ ၂၀၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားပါတယ်။ ဟနွိုင်းမြို့တော်နဲ့ Haiphong ဆိပ်ကမ်းမြို့ လေဆိပ်အပါအဝင် လေဆိပ် ၄ ခုကိုလည်း ပိတ်ထားခဲ့ပါတယ်။

စူပါမုန်တိုင်း Yagi ဟာ ဗီယက်နမ်ကို မဝင်ခင် တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကိုလည်း ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းက ဟိုင်နန်နဲ့ ဂွမ်ဒေါင်းပြည်နယ်တွေမှာ အင်အားပြင်းမုန်တိုင်းကြောင့် ၃ ယောက်ထက်မနည်း သေဆုံးပြီး၊ ၉၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရှင်ဟွာသတင်းကပြောပါတယ်။ Yagi မုန်တိုင်းဟာ တရုတ်နိုင်ငံ လေပြင်းတိုက်နှုန်း တနာရီ မိုင် ၁၄၀ ကျော်နဲ့ ဝင်တိုက်ခယ်လို့ တရုတ်အစိုးရသတင်းတွေမှာ ဖော်ပြပါတယ်။ ဒီသတင်းပတ်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံကို Yagi တိုင်ဖွန်း ဝင်စဉ်ကလည်း ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ကွမ်းနင်းပြည်နယ်ကို ဖြတ်ကျော်လာတဲ့ Yagi မုန်တိုင်းဟာ အနောက်ဘက်ကို ရွှေ့လျားလာပြီး ၁၂ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ခန့်မှန်းချက် ထုတ်ထားပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Forum

XS
SM
MD
LG