အမေရိကန်နိုင်ငံရဲ့ သန်းကောင်စာရင်း ကောက်ယူမှုကို ဆိုင်းငံ့နိုင်မယ့် နည်းလမ်းရှိမရှိ သူ့ရှေ့နေကို မေးနေတယ်လို့ သမ္မတ Donald Trump က ပြောကြားရင်း မကြာခင် ကောက်ခံတော့မယ့် သန်းကောင်စာရင်းအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ မေးခွန်းထည့်သွင်းဖို့ Trump အစိုးရ အဖွဲ့ရဲ့ ကြိုးပမ်းမှုကိုတားဆီးမယ့် နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးချက်ကို သမ္မတက တုံ့ပြန်လိုက်ပါတယ်။
ဆယ်နှစ်တကြိမ်ကောက်ခံတဲ့ သန်းကောင်စာရင်းထဲမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ မေးခွန်းကို အစိုးရတရပ်အနေနဲ့ မမေးနိုင်ဘူးဆိုတာဟာ လုံးဝ အဓိပ္ပါယ်မရှိတဲ့ အနေထားဖြစ်နေတယ်လို့ သမ္မတ Trump က သူ့တွစ်တာကနေ ရေးသားခဲ့တာပါ။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ထွက်လာပြီး နာရီအနည်းငယ် အကြာမှာပဲ အခုလို တွစ်တာမှာ ရေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း မေးခွန်းဟာ မဲပေးခွင့်ဥပဒေကို ပိုကောင်းအောင် အားဖြည့်ပေးဖို့ လုပ်ဆောင်တာလို့ Trump အစိုးရအဖွဲ့ရဲ့ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီး ဒါဟာ အနှောက်အယှက် ပိုဖြစ်လာစေနိုင်တယ်လို့ ပြောပြီး တရားရုံးချုပ်က ပယ်ချလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း မေးခွန်းကို လက်မခံသူတွေကတော့ ဒီလို မေးတာဟာ နိုင်ငံသားမဟုတ်သူတွေ သန်းကောင်စာရင်းမေးခွန်းတွေ မဖြေအောင် ခြိမ်းခြောက်တာမျိုး ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာတော့ လွှတ်တော်က သူတို့ကို ကိုယ်စားမပြုနိုင်တဲ့ အနေထား ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ တရားရုံးချုပ်တရားသူကြီး ၉ ဦးမှာ တရားသူကြီးချုပ် John Roberts ပါ ပါဝင်ပြီး ၅ မဲ ၄ မဲနဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးပါတီတွေ တခုနဲ့တခု အသာစီးရဖို့အတွက် မဲဆန္ဒနယ်မြေ လိုသလို ပြင်ဆင်သတ်မှတ်တာတွေကို တရားရုံးချုပ်အနေနဲ့ ကြားဝင် ထိန်းချုပ်ဆောင်ရွက်ပေးဖို့ တောင်းဆိုချက်ကိုလည်း တရားရုံးချုပ်က ကြာသပတေးနေ့မှာ ပယ်ချလိုက်ပါတယ်။ ဒါဟာ တရားရုံးချုပ်က ကြားဝင်ရမယ့်ကိစ္စမဟုတ်ဘဲ ပြည်နယ်အစိုးရတွေက ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုပြီး အခုလို ဆုံးဖြတ်ချက် ချလိုက်တာပါ။ ကြာသပတေးနေ့ဟာ တရားရုံးချုပ်ရဲ့ နွေရာသီ အားလပ်ရက်ရုံးတွေ မပိတ်ခင် နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။