သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တရားသူကြီးသစ် ထားရှိရေး သမ္မတနဲ့ လွှတ်တော်အကြား အငြင်းပွား


ကန် တရားသူကြီးသစ် ထားရှိရေး သမ္မတအိုဘားမားက အင်္ဂါနေ့မှာ မေးခွန်းထုတ် စိန်ခေါ်ခဲ့
ကန် တရားသူကြီးသစ် ထားရှိရေး သမ္မတအိုဘားမားက အင်္ဂါနေ့မှာ မေးခွန်းထုတ် စိန်ခေါ်ခဲ့

အမေရိကန်တရားရုံးချုပ် တရားသူကြီး တဦးဦး လစ်လပ်တဲ့အခါမှာ သမ္မတက အဆိုပြုလာတဲ့ ဘယ်သူ့ကိုမဆို အထက်လွှတ်တော်ဘက်က စဉ်းစား ပေးရမယ် ဆိုတာကို အမေရိကန်ဖွဲ့စည်းပုံမှာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသားဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောလိုက်ပါတယ်။

ကွယ်လွန်ခဲ့တဲ့ တရားသူကြီး Antonin Scalia နေရာမှာ အစားထိုးဖို့ သမ္မတရဲ့ အဆိုပြုသူကို အထက်လွှတ်တော်က ကြားနာစစ်ဆေးဖို့ ဘာကြောင့် ငြင်းဆန်နိုင်လဲ ဆိုတဲ့အပေါ် သူ့ကို ခိုင်ခိုင်ခိုင်မာ အကျိုးအကြောင်းပြရှင်းလင်းနိုင်မယ့် သူရှိရင် ပြောပါဆိုပြီး သမ္မတအိုဘားမားက အင်္ဂါနေ့မှာ မေးခွန်းထုတ် စိန်ခေါ် ခဲ့ပါတယ်။ သမ္မတသက်တမ်းကုန်ဆုံးခါနီး သမ္မတ တဦးအနေနဲ့ တရားသူကြီး တဦးကို အဆိုပြုလို့မရဘူးဆိုတာမျိုး ရေးထားတဲ့ ဥပဒေ မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

အရွေးချယ်ခံ နိုင်ငံရေးသမားတွေအနေနဲ့ တရားရုံးချုပ် ဆိုတဲ့နေရာမျိုးမှာ နိုင်ငံရေး ကိစ္စတွေအထက်မှာစဉ်းစားဆုံးဖြတ်ဆောင်ရွက်ကြလိမ့်မယ်လို့ အမေရိကန်ပြည်သူတွေက မျှော်လင့်ထားတဲ့အကြောင်း သမ္မတက ပြောပါတယ်။

ဒါကြောင့် သမ္မတသက်တမ်းကုန်ဆိုးတဲ့အထိ သူလုပ်ရမယ့် အလုပ်ကို လုပ်သွားမှာဖြစ်သလို၊ အထက်လွှတ်တော်အမတ်တွေဘက်ကလည်း အလားတူ ကိုယ့်တာဝန်ကိုယ် ဆောင်ရွက်ကြဖို့ လိုမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒီနေရာအတွက် ရီပတ်ပလင်ကန်တွေ လက်ခံနိုင်မယ့် လူမျိုးကို ရွေးချယ်အဆိုပြုမလားဆိုတဲ့ မေးခွန်းကိုတော့ သမ္မတအိုဘားမားက အဲလို လုပ်မှာမဟုတ်ဘူးလို့ ငြင်းပါတယ်။ သူ့အဆိုပြုတဲ့သူဟာ ဥပဒေပိုင်းမှာ ထူးချွန် ကျွမ်းကျင်သူဖြစ်ပြီး၊ တရားရုံးချုပ်လိုနေရာမျိုးမှာ တာဝန်ယူနိုင်မယ့် အရည်အချင်းမျိုး ရှိတဲ့သူ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုတရားရုံးချုပ် တရားသူကြီး ၉ ဦး ရှိရာမှာ အဲဒီထဲက အသက် ၇၉ နှစ်အရွယ် တရားသူကြီး Antonin Scalia ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ဝန် ဖျက်ချမှု အခွင့်အရေး၊ မဲပေးခွင့်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေတွေလိုမျိုး အရေးတကြီး ကြားနာရမယ့် အမှုအတော်များများကို တရားရုံးချုပ်မှာ ရွှေ့ဆိုင်းထားရပါတယ်။

သမ္မတက အဆိုပြုလာမယ့် တရားရုံးချုပ် တရားသူကြီးသစ်တဦးကို အထက် လွှတ်တော်က ကြားနာဖို့ကိစ္စကို လက်မခံဘူးဆိုပြီး အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ပလင်ကန်အမတ် Mitch McConnell က ပြောထားပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ တက်လာမယ့် နောက် သမ္မတသစ် ကပဲ အဲဒီ နေရာအတွက် အဆိုပြုပေးရမယ်ဆိုပြီး အထက်လွှတ်တော်အမတ် McConnell က ပြောနေပါတယ်။

XS
SM
MD
LG