လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းနေချိန်မှာဘဲ သွေးလွန်တုပ်ကွေး ရောဂါကူးစက်သူ အရေအတွက် သိသိသာသာ တိုးလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေအကြား အခက်ကြုံနေရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှု၊ အပူချိန်မြင့်မားမှုနဲ့ စိုထိုင်းမှုပမာဏ များပြားမှုစတဲ့ အချက်တွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်ရာက ဘင်္ဂလားဒေ့ရှ်မှာ ခြင်ပေါက်ဖွားမှုနှုန်း မြင့်မားလာတဲ့တအတွက်ကြောင့် သွေးလွန်တုပ်ကွေးရောဂါလည်း ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အခု ဩဂုတ်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့အထိ အစိုးရက ကောက်ယူပြီး ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ ခြင်ကတဆင့် ရောဂါကူးစက်ပြီး နာမကျန်းဖြစ်သူ ၉ သောင်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တကယ် ရောဂါပိုးကူးစက်သူ အရေအတွက်ဟာ ဒီထက်မက ပိုများနိုင်တယ်လို့ သုတေသီတွေနဲ့ လူထုကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဩဂုတ်လယ်ပိုင်းအထိ အသက် ၁၈ နှစ်အောက် ၈၁ ယောက်အပါအဝင် သွေးလွန်တုပ်ကွေးရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၄၂၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ကူးစက်ရောဂါအတွက် မှတ်တမ်းစတင်ကောက်ယူတဲ့ ၂၀၀၀ ခုနှစ်ကစလို့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
မနှစ်က ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်သူ ၆ သောင်း၊ ၂ ထောင်ကျော် ရှိခဲ့ပြီး သေဆုံးသူကတော့ ၂၈၁ ဦး ရှိခဲ့တာကြောင့် အချိန်ထိ ဒီနှစ်မှာ သေဆုံးသူအရေအတွက်ဟာ မနှစ်ကထက် ပိုများနေပြီ ဖြစ်ပါတယ်။