သုံးရလွယ်ကူစေသည့် Link များ

နစ်မြုပ်ရုရှားသင်္ဘောက လွတ်မြောက်မြန်မာ ၂၂ ဦး ပြန်လာပြီ


နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok ကနေ အသက်ရှင်ကျန်ရစ်တဲ့ သင်္ဘောသားများကို ကယ်တင်လာခဲ့စဉ်။

နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok မှာ လိုက်ပါလာသူတွေထဲက ကယ်တင်ထားခဲ့တဲ့ မြန်မာသင်္ဘောသား ၂၂ ဦးဟာ အခုမြန်မာနိုင်ငံကို ပြန်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ ကိုးရီးယားလေကြောင်းလိုင်းနဲ့ပြန်လာကြတာပါ။ အပြည့်အစုံကို နန်းလောဝ်က စုံစမ်းတင်ပြထားပါတယ်။

နစ်မြုပ်သွားတဲ့ရုရှားငါးဖမ်းသင်္ဘောပေါ်က ကယ်တင်ထားတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးဟာမြန်မာနိုင်ငံကိုပြန်ဖို့ ရုရှားနိုင်ငံကနေ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်းကို ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ကိုမြန်မာသံရုံး စီးပွားရေးဆိုင်ရာသံမှူး ဦးသန့်ဇင်၊ သံရုံး ဒုတိယအတွင်းဝန်နဲ့ သံအရာရှိတစ်ဦးက သွားရောက် ကြိုဆို ပြီး ကိုးရီးယားနိုင်ငံအင်ချွန်းလေဆိပ်ကနေ ဒီကနေ့ ညနေ ၆နာရီ ၄၅ မိနစ်မှာ မြန်မာပြည်ရန်ကုန်ကိုထွက်ခွာမယ့် ကိုးရီးယားလေကြောင်းလိုင်း KE471 နဲ့ တင်ပေးလိုက်တယ်လို့တောင်ကိုးရီးယား မြန်မာသံရုံးရဲ့ စီးပွားရေးဆိုင်ရာ သံမှူးဦးသန့်ဇင်က VOA ကို အတည်ပြုပြောကြားပါတယ်။

“အဲဒါ ဟုတ်ပါတယ်။ KE471 နဲ့လေ။ ကျနော်တို့ပဲ လိုက်ပို့ပြီးတော့ အခုပဲ ပြန်ရောက်လာတာပါ။ ကျန်းမာရေးအခြေအနေကောင်းတယ်ခင်ဗျ။ …. သူတို့ ပျော်ပျော်ရွှင်ရွှင်ပဲ။ ကျန်းမာရေးအခြေအနေ အားလုံးကောင်းကြပါတယ်။ အားလုံး တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ လေယာဉ်က ၆ နာရီ၊ ၄၅ ပေါ့- ဒီကထွက်မယ့် လေယာဉ်အချိန်လေ။ ဟုတ်ကဲ့၊ မြန်မာစံတော်ချိန်ပေါ့။”

ရုရှားငါးဖမ်းသင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားဖယ်ဒရယ်ရေးရှင်း နိုင်ငံတောင်ပိုင်း စာဟာလင်ဒေသတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး နစ်မြုပ်ရုရှားငါးဖမ်းသင်္ဘောကနေ အသက်ရှင် ကျန်ရစ်တဲ့ မြန်မာနိုင်ငံသား သင်္ဘောသား (၂၂) ယောက်အတွက် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၃,ဝဝဝ နဲ့ ညီမျှတဲ့ ရုရှားရူဘယ်ငွေနဲ့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား သင်္ဘောသား (၁၆) ဦးနဲ့ ပျောက်ဆုံးဆဲ (၄) ဦးတို့ရဲ့ မိဘဆွေမျိုးတွေကိုတော့ အမေရိကန်ဒေါ်လာ ၁၅,ဝဝဝ နဲ့ညီမျှတဲ့ ရုရှား ရူဘယ်ငွေတွေကို ဧပြီလနောက်ဆုံးအပတ်အတွင်း ပေးအပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေအကြောင်းအရ ရသင့်ရထိုက်တာတွေကိုလည်း မြန်မာနိုင်ငံက စေလွှတ်တဲ့ကုမ္ပဏီတွေကတဆင့် ဆက်လက်တောင်းဆိုသွားနိုင်တယ်လို့ နစ်မြုပ်သွားတဲ့ ရုရှားသင်္ဘော Magellan company ကိုယ်စားလှယ်ဘက်က ပြောတဲ့အကြောင်း ရုရှား-မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာသင်္ဘောသား ၂၂ ယောက်ရဲ့ နေထိုင်စားသောက်စားရိတ်ကို ရုရှားအစိုးရက ကျခံပေးခဲ့ပြီး သူတို့ရဲ့ တကိုယ်ရည် အသုံးစားရိတ်အတွက်တော့ ရုရှားရောက် မြန်မာအသိုင်းအဝိုင်းက စုပေါင်းပြီး အလှူငွေ ရူဘယ် တသိန်းတသောင်းပေးလှူခဲ့တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်ထားတဲ့ စာရင်းအရတော့ ရုရှားနစ်မြုပ်ငါးဖမ်းသဘောင်္ပေါ်က မြန်မာသင်္ဘောသားတွေအနက် ကူညီကယ်ဆယ်ထားတဲ့ သဘောင်္သားက ၂၂ ဦးဖြစ်ပြီး သေဆုံးသူ ၁၆ လောင်း ပြန်လည် ဆယ်ယူရရှိထားပြီး ဖြစ်ပါတယ်။ ကျန် ၄ ယောက်ကတော့ အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ မြန်မာသင်္ဘောသား (၂၂)ဦး ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့- ဧပြီလ ၁၂ ရက်နေ့ ည ၁ဝ နာရီ ဝန်းကျင် မှာရောက်ရှိလာကြမှာဖြစ်ပြီး သေဆုံးသွားသ (၁၆) ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဧပြီလ (၁၅) ရက်နေ့မှာ စီးလုံးဌားလေယာဉ်နဲ့ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ တောင်ပိုင်း စာဟာလင်ဒေသ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း မော်စကို မြန်မာသံရုံးက ပြောဆိုပါတယ်။

မြန်မာသင်္ဘောသားတွေကို တရားမဝင်ခေါ်ယူခဲ့တဲ့ ရုရှားသင်္ဘောလိုင်းပိုင်ရှင်က အခုတိမ်းရှောင်နေတဲ့အတွက် ဒုတိယအကြီးအကဲကို ထိန်းသိမ်း ခဲ့တယ်လို့ မော်စကို မြန်မာသံရုံးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG