သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကို မူးယစ်ဆေး တင်သွင်းသူလို့ သံသယရှိသူကို မြန်မာရဲ ဖမ်းဆီး


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဖမ်းဆီးခံထားရတဲ့ သံသယရှိသူ မောင်မောင် (ခ) Hj Yassin (ဓါတ်ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဖမ်းဆီးခံထားရတဲ့ သံသယရှိသူ မောင်မောင် (ခ) Hj Yassin (ဓါတ်ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)

မလေးရှားနိုင်ငံမှာဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သတ်တဲ့ အဓိကသံသယရှိသူကို ဖမ်းမိပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံကနေ ပြည်ပကို မူးယစ်ဆေးဝါး အမြောက်အများတင်ပို့နေတာတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာရဲ့အကူအညီရယူဖို့အပြင် ခေတ်မှီနည်းပညာလည်း လိုအပ်ကြောင်း အငြိမ်းစားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲမှူးကြီး ဦးခမ်းအောင်က အကြံပြုပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခက တင်ပြထားပါတယ်။

မြန်မာနိုင်ငံကတင်ပို့လိုက်တဲ့ ကုန်သေတ္တာထဲမှာ စားသောက်ကုန်နဲ့ရောပြီး ၁၂၀၀ ကီလိုဂရမ်နီးပါးရှိတဲ့ မက်အဖက်တမင်း နဲ့ ၈၀၀ ဂရမ်နီးပါးရှိတဲ့ ဘိန်းဖြူ တင်ပို့မှုရဲ့ အဓိကသံသယရှိသူ မောင်မောင် (ခ)Hj Yassin (၄၄)နှစ်အား ဇွန်လ ၅ ရက်နေ့ ည ၁၁နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်( ၁၆) မိုင ်စစ်ဆေးရေးစခန်း တွင်ပိတ်ဆို့ဖမ်းဆီးရမိခဲ့ တယ် လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့တာပါ။

မေလ ၂၂ ရက်နေ့ မလေးရှားနိုင်ငံ ၊စီမရစ်မြို့မှာရှိတဲ့ ကုန်လှောင်ရုံအတွင်း မူးရစ်ဆေးဝါးများကို မြန်မာ(၃)ဦးပါ တရားခံ (၆)ယောက် နှင့်အတူမလေးရှား အကောက်ခွန်ဦးစီးဌါန ကဖမ်းဆီ်းနိုင်ခဲ့ပါတယ် ။ အမှုကွင်းဆက်အရ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်နေ ထွက်ပြေးတိမ်းရှောင်နေသူ မောင်မောင် (ခ) Hj Yassin ကို ရှာဖွေခဲ့ရာမှာ ပြင်ဦးလွင် ၁၆ မိုင် မှာ ဖမ်းမိခဲ့တာလို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါး တင်ပို့နေတာ တွေကိုတားမြစ်ထိန်းချုပ်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့အင်အားတို့မြှင့်ဖို့ အသိပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဖို့နဲ့ အဆင့်မြင့်နည်းပညာတွေရှိဖို့ လိုအပ်ကြောင်းကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲမှူးကြီးဟောင်း ဦးခမ်းအောင်က အခုလိုပြောပါတယ်။

"မူးယစ်တပ်ဖွဲ့က အခုမှ သေးသေးလေးရှိသေးတယ်။ မနိုင်မနင်းလုပ်နေရတာတွေရှိတယ်။ မူးယစ်ဆေးဝါးပြဿနာအများကြီးဖြစ်လာတဲ့အခါမှာ လူအင်အားတိုးချဲ့ရုံနဲ့မဖြစ်သေးဘူး။ နည်းပညာ Training နဲ့ပတ်သတ်လို့ capacity building အများကြီးလုပ်ဖို့လိုသေးတယ်။ စစ်ဆေးတဲ့ X-ray တွေအများကြီးလိုတယ်။ အဲဒါနဲ့ပတ်သတ်တဲ့ Exposure တွေလိုတယ်။ ကျွန်တော်တို့ဆီမှာအဲဒါတွေက အရမ်းအားနည်းတယ်။"

နိုင်ငံတကာကို မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေ တင်ပို့နေမှုရပ်တန့်နိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အကူအညီလိုအပ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

"နောက်တစ်ခုရှိတာက နိုင်ငံတကာကိုလည်း အကူအညီတောင်းရမှာပေါ့ ဘာလို့လဲဆိုတော့ သူ့ Destination က ဒါသည်ဘယ်ကိုသွားမလဲ သြစတေးလျသွားမှာလား US သွားမလား ဘယ်သွားမလဲပေါ့။ အဲ့ဒီနိုင်ငံတွေက ကျွန်တော်တို့ကို လာကူစရာရှိပါတယ်။ သူတို့ဆီကိုရောက်လာမယ့်ပစ္စည်းကို ထွက်တဲ့နိုင်ငံက ပိတ်တယ်ဆို့တယ် ဆိုတာက သူတို့ရဲ့ မူတွေရှိပါတယ်။ သူတို့ရဲ့အကူအညီတွေအများကြီးယူဖို့လိုပါတယ်။ ဟန့်တားပြီးစိစစ်နေရုံနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော်အဲလိုပဲမြင်ပါတယ်။ "

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံတွင်းမှာ ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးပါး ၁၅ သန်းနီပါးဟာလည်း မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးစက်ရုံတွေကနေ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတာလို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မှာအခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးစက်ရုံ ၃၇ ရုံကနေ နိုင်ငံအသီးသီးကို စိတ်ကြွဆေးပြားတွေတင်ပို့နေတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG