သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပူမှုမှာ အဖမ်းခံရသူ INGO ဝန်ထမ်းတချို့ ပြန်လွတ်


ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုများအတွင်း အဖျက်ဆီးခံခဲ့ရသော အိမ်များ။
ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုများအတွင်း အဖျက်ဆီးခံခဲ့ရသော အိမ်များ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေမှာ တဘက်နဲ့တဘက် ခိုက်ရန်ဖြစ်ပွားအောင် လှုံ့ဆော် မှု၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေး ပျက်ပြားအောင် ကြံစည် လုပ်ဆောင်မှု စတဲ့ မသင်္ကာမှုတွေ နဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ INGO နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းငါး ဦးကို အာဏာပိုင်တွေက သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ လွှတ်ပေးလိုက်ပါတယ်။ ဒီကနေ့မှာတော့ AZG ခေါ် နယ်စည်းမခြား ဆရာဝန်များ အသင်း MSF က ဝန်ထမ်းနှစ်ဦးကို ထပ်လွှတ်ပေး လိုက်တယ်လို့ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့ကို ဘာကြောင့် ပြန်လွှတ်ပေး လိုက်သလဲဆိုတဲ့ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

INGO လို့ ခေါ်တဲ့ နိုင်ငံတကာကနေ မြန်မာနိုင်ငံထဲမှာ NGO လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေက ဝန်ထမ်း ဆယ်ဦးကို ရခိုင် ပြည်နယ်အတွင်း အဓိကရုန်းတွေ ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ အာဏာပိုင်တွေက မသင်္ကာမှု အမျိုးမျိုးနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ အစောပိုင်းမှာ အာဏာပိုင်တွေဘက်က အတည်ပြုချက်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့်လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံကိုရောက်တဲ့နေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ INGO ဝန်ထမ်း ကိုးဦးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာ အစိုးရ အာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

အခုတော့ အဲဒီအထဲက ငါးဦးကို သြဂုတ်လ ၁၆ နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ ရခိုင်ပြည်အရေးနဲ့ပတ်သက်လို့ အစိုးရသတင်း ထုတ်ပြန်ရေးကော်မီတီဥက္ကဋ္ဌ ဦးလှသိန်းက ဗွီအိုအေကို ပြောပြပါတယ်။

“ငါးယောက် ပြန်လွှတ်ပေးလိုက်တယ်။ သူတို့အမှုတွေကတော့ စွဲချက်မတင်ခင် အဆင့်မှာ ရုပ်သိမ်းပေးလိုက်တာ။ စွဲချက်မတင်သေးလို့ တရားရုံးကို ရုပ်သိမ်းပေးဖို့တင်တော့ တရားရုံးက ရုပ်သိမ်းပေးလိုက်တာ။ ရုပ်သိမ်းတယ်ဆိုတာကတော့ တရားစွဲတဲ့သူက ရုပ်သိမ်းဖို့ ဥပဒေရုံး ကို လျှောက်ရတာပေါ့နော်။ တရားစွဲတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ကနေပြီးတော့ ဥပဒေရုံး ကို လျှောက်တယ်။ ဥပဒေရုံးကနေပြီးတော့ တရားရုံးကို ဆက်ပြီးတော့ ဒီအမှုကို ရုပ်သိမ်းပေးဖို့ တင်ပြရတာပေါ့။ သူ့ဥပဒေ လုပ်ထုံးလုပ်နည်းက အဲဒီအတိုင်းလေ။ အမှုကို စစ်နေတဲ့ဟာကို ရပ်လိုက်တဲ့သဘောပါ။ တရားရှင်လွှတ်လိုက်တာပေါ့ဗျာ။ စွဲချက်မတင်ခင်ပေါ့။”

ပြန်လွှတ်လာသူ ငါးဦးထဲမှာ AZG လို့ လူသိများတဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF က ဒေသခံ ဝန်ထမ်း နှစ်ဦးဖြစ်တဲ့ ဦးကျော်လှအောင်နဲ့ ဦးဝင်းနိုင်တို့လည်း ပါပါတယ်။ မနေ့က လွှတ်ပေးလိုက်တဲ့ သူတို့ ဝန်ထမ်း နှစ်ယောက်အပြင် ဒီကနေ့မှာ MSF က ဝန်ထမ်း နှစ်ဦးကို ထပ်ပြီး လွှတ်ပေးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ MSF အဖွဲ့ရဲ့ ဒုတိယအကြီးအကဲ Vickie Hawkins က ဗွီအိုအေကို ပြောပါတယ်။

“သူတို့အနေနဲ့ ဒီကနေ့ အတည်ပြု ပြောကြားနိုင်တာကတော့ သူတို့ရဲ့ ဝန်ထမ်း လေးဦး ပြန်လွတ် လာပြီ ဆိုတာပါပဲတဲ့။ နှစ်ဦးကတော့ မနေ့က လွှတ်လာတဲ့ ငါးဦးထဲမှာ ပါလာတာဖြစ်ပြီး ကျန် နှစ်ဦး ကတော့ ဒီကနေ့ လွှတ်လာကြတာပါတဲ့။ သူတို့အဖွဲ့က စုစုပေါင်း ခုနစ်ဦး ထိန်းသိမ်းခံခဲ့ရတာမှာ တစ်ဦးကတော့ လွန်ခဲ့တဲ့ သုံးပတ်လောက်က ပြန်လာပြီးပါပြီတဲ့။ နှစ်ဦးကတော့ ဆက်ပြီး ထိန်းသိမ်းခံ ထားရဆဲ ဖြစ်ပါတယ်လို့ ပြောသွားတာပါ။”

MSF အနေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုတွေအရေးကို အထူးစိုးရိမ်ခဲ့သလိုပဲ သူတို့ အဖွဲ့အပေါ် တင်ထားတဲ့ စွပ်စွဲချက်တွေ အတွက်လည်း အထူး စိုးရိမ် ပူပန်မိတဲ့အကြောင်း Vickie Hawkins က ဆက်ပြောပြပါတယ်။

“MSF နဲ့ ပတ်သက်လို့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ စိုးရိမ်ပူပန်မိပါတယ်တဲ့။ ရခိုင်ပြည်နယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ MSF ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ကောလာ ဟာလ သတင်းတွေ အများအပြား ထွက်ပေါ်ခဲ့တာကြောင့် MSF ဟာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တဲ့သူတွေကိုပဲ ကူညီ လုပ်ဆောင်ပေးနေတာ ဖြစ်တဲ့ အကြောင်းနဲ့၊ အထူးသဖြင့်တော့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ ကိုသာ ဦးစားပေးလုပ်ဆောင်ပေးနေတယ်ဆိုတာကို လွန်ခဲ့တဲ့ ၂ လလောက်အတွင်းမှာ သူတို့အနေနဲ့ တောက်လျှောက် ရှင်းလင်း ပြောကြားနေခဲ့ တယ်လို့ ပြောသွားတာပါ။”

ဆူပူမှုတွေမှာ တိုက်ရိုက် ပါဝင် ပတ်သက်မှုရှိတယ်လို့ ဒေသခံတွေကိုယ်တိုင်က သံသယ ရှိနေသူတွေကို အခုလို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က စစ်တွေမြို့ ကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ရော ဒီမှာရှိတဲ့ ရခိုင်တွေအနေနဲ့ရော စိုးရိမ်မှုတွေ ဝင်နေကြတာပေါ့။ အဓိကစိုးရိမ်မှုဝင်နေတာက အခု လွတ်သွားတဲ့အဖွဲ့တွေက ပြောမယ်ဆိုရင် ဟိုတုန်းက စစ်ဆေးတွေ့ရှိထားတဲ့အပိုင်းတွေ အနေနဲ့ သုံးသပ်ကြည့်ရင် သူတို့က ဒီမှာရှိတဲ့ RSO လို အဖွဲ့တွေနဲ့ ဒီဘက်မှာရှိတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ဟာ တနည်းနည်းနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတာကို အထောက်အထားတွေလည်း တော်တော်များများ တွေ့ထားတယ်လို့လည်း အစိုးရအဖွဲ့ကလည်း ကြေညာထားတယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ လူတွေကို ဥပဒေကြောင်းအရ ပြတ်ပြတ်သားသား အရေးမယူဘဲ တာဝန်မဲ့စွာ လွှတ်လိုက်တဲ့အပိုင်းကတော့ ဒီမှာ သူတို့လွတ်သွားတယ်ဆိုရင် ဒီမြို့ပေါ်မှာရှိတဲ့ ဒီ ရခိုင်ပြည်အတွင်းမှာရှိတဲ့ လူတွေက နောက်တခေါက် ဒီလိုမျိုး အကြမ်းဖက်မှုတွေ နောက်တစ်ကြိမ် ဖြစ်တော့မယ်ဆိုပြီး စိုးရိမ်စိတ်တွေ အများကြီး ဝင်နေကြပါတယ်”

ဒီလူတွေဟာ MSF နဲ့ UNHCR လို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေပေမယ့်လည်း သူတို့ရဲ့ အဖွဲ့အစည်းတွေ မသိနိုင်တဲ့ နောက်ကွယ်မှာ ပြင်ပ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်နေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ထားတယ်လို့လည်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။
သူတို့လို တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့သူတွေကို လွှတ်ပေးရင် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပိုလို့တောင် လွှတ်ပေးသင့်တယ် လို့လည်း ဦးအောင်မြတ်ကျော်က ထောက်ပြပါတယ်။

“ရာဇဝတ်သားတွေကို အင်တာနေရှင်နယ်က ဖိအားပေးတဲ့အတွက်ကြောင့် လွှတ်ရတယ်ဆိုရင် ရာဇဝတ်သားတွေ မဟုတ်တဲ့ ဒီမှာ ယုံကြည်ချက် ကြောင့် အချုပ်ကျနေတဲ့ နိုင်ငံရေးသမားတွေ အများကြီး ရှိပါတယ်။ အဲဒီလိုမျိုးသားဆိုရင် နိုင်ငံရေးသမားတွေ အကုန်လုံးကို လွှတ်ပေးပေါ့။ နိုင် ငံတော်လုံခြုံရေးအတွက် တကယ့်ကို ဥပဒေကို ချိုးဖောက်ပြီးရင် လုပ်နေတဲ့ အကြမ်းဖက်သမားတွေနဲ့ ဆက်စပ်ပြီးရှိနေတဲ့ လူတွေကို ပစ္စလက္ခတ် နိုင်ငံတကာက ဖိအားပေးတဲ့အတွက်ကြောင့် လွှတ်ပေး လိုက်တယ်ဆိုရင် အဲဒါဟာ ဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လုံးဝ မျက်ကွယ်ပြုလိုက်တဲ့၊ တိုင်းပြည်မှာရှိနေတဲ့ ပြည်သူလူထုကို လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက် သွားတယ် လို့တော့ သုံးသပ်နေကြပါတယ်။”

ကျန်နေသေးတဲ့ ဖမ်းဆီးထားသူတွေကိုတော့ တဘက်နဲ့တဘက် ခိုက်ရန်ဖြစ်ပွားအောင် လှုံ့ဆော်မှု၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေး ပျက်ပြားအောင် ကြံစည် လုပ်ဆောင်မှု၊ မီးရှို့မှု၊ လူတစု လူတဖွဲ့ရဲ့ ကိုယ်ကျင့်တရားကို ဖောက်လွဲ ဖောက်ပြန်ဖြစ်အောင် လှုံ့ဆော် ဆောင်ရွက်မှု စတဲ့ စွဲချက်တွေ တင်ထားပြီး ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ် ခင်ဗျား။
XS
SM
MD
LG