သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ဂုဏ်ထူးဆောင် Turin မြို့တော်သူဆုချီးမြှင့်


ဥရောပ ၅ နိုင်ငံကို ခရီးထွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာ အီတလီနိုင်ငံ Turin မြို့ကို ရောက်နေပြီဖြစ်ပြီး နေ့လည်ပိုင်းမှာ ဂုဏ်ထူးဆောင် Turin မြို့တော်သူ ဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ နောက်ဆုံးသိရတဲ့ အခြေအနေကို ပြောပြပေးပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

တနင်္လာနေ့က ရောမမြို့မှာ ရောမမြို့တော်သူဆုကို လက်ခံရယူခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာတော့ အီတလီနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ Turin မြို့မှာ ဂုဏ်ထူးဆောင် မြို့တော်သူဆုကို လက်ခံယူဖို့ ရောက်နေပြီလို့ EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ Turin မြို့တော်ဝန် Piero Fassino က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျနော်တို့မြို့ကိုရောက်နေပါပြီ။ ဒေါ်အောင် ဆန်းစုကြည် အခုဆိုရင် အီတလီနိုင်ငံ Turin မြို့ကိုရောက်နေပါပြီ။ ကျနော်တို့မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် Turin မြို့တော်သူ ဆုပေးထားတာပါ။"

ဂုဏ်ထူးဆောင် Turin မြို့တော်သူအဖြစ် ချီးမြှင့်မယ့် အခမ်းအနားကိုတော့ နေ့လည်ပိုင်းလောက်မှာ စတင်မယ်လို့ Mr. Fassino က ပြောပါတယ်။

Mr. Fassino ဟာ မနှစ်က ဧပြီလထဲမှာ အဲ့ဒီအချိန်က အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi နဲ့အတူ မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အီတလီကို လာရောက်ဖို့နဲ့ Turin မြို့အပါအဝင် ဂုဏ်ထူးဆောင်မြို့တော်သူအဖြစ် ချီးမြှင့်ထားတဲ့ မြို့တွေကို လာရောက်ဖို့အတွက် ဖိတ်ကြားခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို နှစ်ပေါင်းများစွာ ထောက်ခံ အားပေးလာခဲ့တဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် အီတလီနိုင်ငံက အနာဂတ်မှာလည်း မြန်မာနိုင်ငံအတွက် ဆက်ပြီး အကူအညီတွေ ပေးမယ်လို့ မျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြန်လည် ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာ အီတလီနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုကို လက်ခံရယူမှာဖြစ်သလို Aula Magna တက္ကသိုလ်က ပေးအပ်မယ့် ဂုဏ်ထူးဆောင် အတွေးအခေါ် ပညာရှင်ဆုကိုလည်း လက်ခံရယူမှာ ဖြစ်ပါတယ်။ ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ထားတဲ့ Parma မြို့ကိုတော့ ကြာသပတေးနေ့မှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။
XS
SM
MD
LG