သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဒေါ်စု တောင်းဆို


ချက်သမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ Forum 2000 ညီလာခံကို တက်ရောက်ခဲ့သူ NLD ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။
ချက်သမ္မတနိုင်ငံမှာကျင်းပခဲ့တဲ့ Forum 2000 ညီလာခံကို တက်ရောက်ခဲ့သူ NLD ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။
လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဟာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီရေး ပြဿနာရပ်တွေကို မဖြေရှင်းနိုင်တာကြောင့်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ နောက်တဆင့်သွားရမယ့် အရေးကြီးတဲ့ခြေလှမ်းဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဖွဲ့စည်းပုံအရ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာတင် ဒီမိုကရေစီ နည်းလမ်းမကျတာတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ဒီအပေါ် တုံ့ပြန်ချက်တွေကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ တိုင်းပြည်တရပ် ဖြစ်လာဖို့ဆိုရင်တော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အလျှင်အမြန် လုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်လို့ မနေ့တုန်းက ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့က သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ အပြောင်းအလဲတွေကို ခြေလှမ်းတလှမ်းချင်း သွားနေရပေမဲ့ နောက်လာမယ့် ခြေလှမ်းဟာ အရေးကြီးသလို ရှုတ်ထွေးခက်ခဲလွန်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။


“နောက်ထပ်လှမ်းရမယ့် ကြီးမားတဲ့ခြေလှမ်းဟာ ရိုးရှင်းသလို အင်မတန်လည်း ရှုတ်ထွေးခက်ခဲလွန်းပါတယ်။ တကယ့်ကို ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ဆိုရင် ကျမတို့အနေနဲ့ လက်ရှိ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုပါတယ်။ အခု ဖွဲ့စည်းပုံက ဒီမိုကရေစီ နည်းမကျပါဘူး။”

လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ပါတီ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက အဓိက လုပ်ငန်းစဉ်တရပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်သွားမယ်လို့ ကတိကဝတ် ပြုခဲ့တာပါ။ ဒါကြောင့်လည်း မကြာသေးခင်တုန်းက သူ အရင်လက်တွဲခဲ့တဲ့ တိုင်းရင်းသားပါတီတချို့နဲ့ တွေ့ဆုံပြီး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲ လုပ်ခဲ့သလို၊ လက်ရှိဖွဲ့စည်းပုံကို ပြင်ယူမလား ဒါမှမဟုတ် တခုလုံး အသစ်ပြန်ရေးဆွဲဖို့ လုပ်မှာလားဆိုတာကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအရဆိုရင်ပဲ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ မကြာခင်တုန်းက ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းပုံကို ပြန်လည် လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းလိုက်နိုင်တာဟာ အခွင့်အလမ်းတခု ဖြစ်စေတယ်လို့ သူက မြင်ပါတယ်။



“မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး ညီညွတ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ရာ ဒီဖွဲ့စည်းပုံကို ဘာကြောင့် ပြင်ဆင်သင့်သလဲဆိုတာ ထောက်ပြနိုင်ဖို့ ကြီးမားတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ လိုလားချက်နဲ့ မညီတာကြောင့်၊ တိုင်းရင်းသားပြဿနာကို ဒီဖွဲ့စည်းပုံနဲ့ ဖြေရှင်းလို့ မရပါဘူး။ ဒါ့အပြင် ဒီဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီ ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံပါ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကိစ္စမှာတောင်မှ လုံး၀ ဒီမိုကရေစီ နည်းလမ်းမကျပါဘူး။ ဥပမာပြောရရင် ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်မှာ မဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိမှ ဖြစ်မှာပါ။”

“လွှတ်တော်ရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတာပါ။ ဒီကိုယ်စားလှယ်တွေကို သူ စိတ်ကျေနပ်သလို ပြောင်းလဲခန့်ထားလို့ ရပါတယ်။ လွှတ်တော်သက်တမ်း တခုအတွက် ခန့်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ် တဦးတည်းအနေနဲ့ ဖွဲ့စည်းပုံ ပြင်ရေး မပြင်ရေးဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ခန့်မှန်းခြေ သန်း ၆၀ လူဦးရေရှိတဲ့ တိုင်းပြည်တပြည်မှာ ဖွဲ့စည်းပုံ ပြင်ဖို့ မပြင်ဖို့ ဆိုတဲ့ကိစ္စ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကနေ ဆုံးဖြတ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတာပါ။”

ဖွဲ့စည်းပုံပြင်ရေးကိစ္စ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်ပင်ညှိနှိုင်းနေတဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ပါတယ်။ SNLD ရဲ့ ဥက္ကဌ ဦးခွန်ထွန်းကတော့ ဖွဲ့စည်းပုံကို ခဏခဏ ပြင်တာထက် အသစ်ပြန်ပြီး ရေးဆွဲဖို့ သူက လိုလားပါတယ်။

“တိုင်းရင်းသားတွေ အများကတော့ဗျာ ဒီဟာကို အသစ်ပြန်ရေးဖို့ပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ UNA ကတော့ ဒီ အခြေခံဥပဒေကိုလည်း အသိအမှတ် မပြုဘူး။ နောက်ပြီးတော့ အဲ့ဒီဥပဒေကို မပြုတဲ့အတွက်လည်း ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့ဘူးပေါ့ဗျာ။ ဒီအခြေခံဥပဒေကြောင့်ပဲပေ့ါ ပြဿနာတွေဖြစ်ခဲ့တာကိုး။ 47 ရော၊ 74 ရော၊ အခု 2008 က”

မေး။ ။ ဒီဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်လို့ပါ စိုးရိမ်သူတချို့ ရှိပါတယ်။ ဖွဲ့စည်းပုံပြင်ရေးကနေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ရေးအထိကို ရောက်သွားလို့ရှိရင် စစ်အုပ်စုထဲမှာပဲဖြစ်ဖြစ် ဒီနောက်ကြောင်းပြန်လှည့်လိုတဲ့ အင်အားစုတွေကလည်း အင်အားတခုအနေနဲ့ ရှိနေတော့ ဒီလူတွေက အနှောင့်အယှက်ပေးလာရင် စစ်တပ်က အာဏာသိမ်းတာမျိုး၊ ဒီအခြေအနေကနေ နောက်ပြန်ဆုတ်သွားတာမျိုး ဒီလိုများ ဖြစ်သွားမလားဆိုပြီး စိုးရိမ်ချက်လည်းရှိပါတယ်။

ဖြေ။ ။ “အဓိကရည်ရွယ်ချက်က ပြည်သူရယ်၊ တိုင်းပြည်ရယ် စဉ်းစားရမှာပေါ့။ ဟိုဟာကြောက်လို့၊ ဒီဟာကြောက်လို့ မပြင်ဘူး၊ မပြောဘူးဆိုရင် ဒါ ပြဿနာပြီးမလားဗျာလို့ ကျနော် မေးချင်တယ်။ သိမ်းချင်တဲ့ စိတ်ဓာတ်က ရှိနေရင် သိမ်းမှာပဲဗျ။ သွားမစိုးရိမ်နဲ့။ သိမ်းမှာကြောက်ရင် နိုင်ငံရေးကို လုပ်စရာတောင် မလိုတော့ဘူး။ အမှန်ဆိုရင် ကျနော်တို့ ပြောနေတာတွေက ကျနော်တို့ ကိုယ်ကျိုး လုံး၀ မပါဘူး။ တိုင်းပြည်အတွက်ကို ပြောနေတာ။ လုပ်ရမှာက ကျနော်တို့နိုင်ငံရေးမှာ ပါဝင်နေတဲ့ ဇာတ်ကောင်တွေက လုပ်ရတော့မှာ။ ဒီအလုပ်တွေကို ရှင်းရှင်းပြောရလို့ရှိရင် မလုပ်လို့ မရတော့ဘူးဗျ။”

“နိုင်ငံရေးအင်အားစုတွေ အားလုံးပါရမယ်။ အဲ့လိုမှ မလုပ်ရင် မရဘူး။ ခင်ဗျား ပြင်ပြင်ပြင် ဆိုရင်တော့ ပုဆိုးကို အဖာ တစ်ရာနဲ့ပေါ့ဗျာ နော့်။ ဖာ တာများတဲ့အခါ ဘာလုပ်မလဲ ပုဆိုးအသစ်ပဲ ဝယ်တော့မပေါ့ဗျာ။ ဒီအတိုင်းပဲဖြစ်မှာပဲ။”

မနေ့တုန်းက နေပြည်တော်က သတင်းစာရှင်းလင်းပွဲ တခုမှာတော့ အာဏာရ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးက ဖွဲ့စည်းပုံပြင်ရေးမှာ အချုပ်အခြာ အာဏာ မထိခိုက်စေဖို့ သတိပေးသလို၊ ဒီဖွဲ့စည်းပုံ ပြင်ရေးဟာလည်း ပြည်သူလူထုရဲ့ သဘောထား မဟုတ်ဘူးလို့ သူ ယူဆတဲ့အကြောင်း ပြောသွားပါတယ်။

ဒါပေမဲ့ ကြံခိုင်ရေးပါတီရဲ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကတော့ ဖွဲ့စည်းပုံပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ လိုတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ အသစ်ရေးဆွဲမယ်ဆိုတဲ့ ကိစ္စမှာတော့ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာမှာကို သူက စိုးရိမ်ပါတယ်။

“တခုလုံး ပြန်ရေးရမယ်ဆိုရင်တော့ အများကြီး ပေးဆပ်ရလိမ့်မယ်ထင်ပါတယ်။ ဆွဲတဲ့လူနဲ့ မဆွဲတဲ့လူနဲ့ ဒွန်တွဲပြီးမှ ဖြစ်မှာပဲလေ။ Clash of Interest ဖြစ်ကုန်မယ်။ အဲ့လိုဆိုရင်တော့ နည်းနည်း ခက်လိမ့်မယ်လို့ ထင်ပါတယ်။”

မေး။ ။ ဦးတီခွန်မြတ် အမြင်အရဆိုရင်တော့ - ဦးတီခွန်မြတ်ရဲ့ တဦးချင်း သဘောထားကို မေးတာပါ။ ဖွဲ့စည်းပုံမှာ ပြင်စရာအပိုင်းလေးတွေ ဘယ်နေရာတွေကို သွားပြီးတော့ သတိထားမိသလဲ။

ဖြေ။ ။ “အများကြီးပါပဲဗျာ ပြင်စရာကတော့။ အခြေခံမူတွေကို ကျနော် မပြောလိုပါဘူး။ ဥပမာ - Distribution of Power တွေလည်း အများကြီး ပြင်ရမယ်။ အခု တိုင်းရင်းသားတွေပြောနေတာ အဲ့ဒါပဲလေ။ Distribution of Power က မညီမမျှဖြစ်နေတယ်။ အားလုံး ဗဟိုကပဲ Centralized လုပ်ထားတယ်ဆိုတော့ ပြည်နယ်တွေကတော့ ဒါကို ဘယ်ကြိုက်မတုန်း။”

လက်ရှိ ဖွဲ့စည်းပုံအတိုင်းဆိုရင်တော့ သမ္မတအဖြစ် ရွေးချယ်ခံရသူဟာ သားသမီး နိုင်ငံခြားသား မဖြစ်စေရဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ သူရဲ့ပါတီ အနိုင်ရရင်တောင်မှ သမ္မတအဖြစ် ရွေးခြယ်ခံရဖို့ မဖြစ်နိုင်ပါဘူး။ အခု ဖွဲ့စည်းပုံအရ လုပ်ထုံးလုပ်နည်းတွေအတိုင်းဆိုရင် ဖွဲ့စည်းပုံပြင်ရေးမှာ စစ်တပ်ရဲ့ထောက်ခံမှု ရဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံတခုလုံး ပြန်လည် အသစ်ရေးဆွဲခွင့် ဆိုတာကိုလည်း ဖွဲ့စည်းပုံထဲမှာ ထည့်မထားဘူးလို့ ထောက်ပြခဲ့ပါတယ်။
XS
SM
MD
LG