သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တရုတ်ခရီးစဉ်အတွင်း လူ့အခွင့်အရေးဆွေးနွေးဖို့ HRW တိုက်တွန်း


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ဖမ်းဆီးခံထားရတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo အရေး အပါအဝင် တရုတ်နိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ထောက်ပြ ပြောဆိုသင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ကို ဒီကနေ့ စတင်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်တာဖြစ်ပြီး ဒါဟာ CPC တရုတ် ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့အကြားက အရေးပါတဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Le က ဘေဂျင်းမြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“CPC တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီအားလုံးနဲ့ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံနေတာပါ။ ဒါကြောင့် ဒီခရီးစဉ်ဟာလည်း ပါတီ ၂ ခုအကြား အပြန်အလှန် နားလည်မှု တိုးမြင့်စေဖို့နဲ့ တရုတ် - မြန်မာ ၂ နိုင်ငံ ဆံရေးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြင့် ပေးစေမယ့် ခရီးစဉ်ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတဲ့နေရာမှာ တရုတ်နိုင်ငံခြားရေးဌာနက ရှေ့ဆောင်ရှေ့ရွက် ဖိတ်ကြားဖို့ ပျက်ကွက်တဲ့အတွက် တရုတ်အမျိုးသား ဗဟိုလုံခြုံရေးကော်မရှင်ရဲ့ ၂ ရက်ကြာ စည်းဝေးပွဲအတွင်း သူမကို ဖိတ်ကြားဖို့ သမ္မတ ရှီကျင်းပင်ကိုယ်တိုင်က ညွန်ကြားချက်ပေးပြီး ဖိတ်ကြားခိုင်းခဲ့တာလို့ တရုတ်နိုင်ငံအတွင်းက သတင်းတချို့မှာ ရေးသားထားပါတယ်။

တရုတ် - မြန်မာနယ်စပ်ဒေသ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တရုတ်ပြည်ဘက်ကို လက်နက်ကြီးကျည်တွေ ကျခဲ့တဲ့ ကိစ္စမှာ တရုတ်အစိုးရက ထူးထူးခြားခြား မြန်မာအစိုးရကို သတိပေးချက် ထုတ်ပြန်ထားတဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖိတ်ကြားတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အစဉ်တစိုက် ရှေ့ရှု ဆောင်ရွက်နေသူ တဦးဖြစ်တာနဲ့အညီ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာလည်း တရုတ်နိုင်ငံအတွင်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကိုလည်း ထောက်ပြ ပြောဆိုသင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီတရုတ်ခရီးစဉ်အတွင်း အများက ယုံကြည်လက်ခံလာအောင် ပြသဖို့ဆိုရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းတွေကို ပြောဖို့ လိုပါတယ်။ စစ်ဝတ်စုံကိုချွတ်ပြီး အရပ်ဝတ် ပြောင်းဝတ်ထားကြတဲ့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြားက ကွာခြားချက်ဟာ အဲဒီ အချက်ပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် တရုတ်နိုင်ငံက ၂၀၁၀ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်တဲ့ Liu Xiaobo ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့အချိန်မှာ မြန်မာနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရားဝင် ခရီးစဉ်အဖြစ် ဖိတ်ကြားတာဟာ နိုင်ငံရေးအကဲခတ် တချို့အတွက် အံ့အားသင့်စရာ ဖြစ်စေပါတယ်။

ဒါကြောင့် ဒီခရီးစဉ်အတွင်း ဖမ်းဆီးခံထားရတဲ့ တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ကို လွှတ်ပေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထည့်သွင်း ပြောကြားသင့်တယ်လို့ Brad Adams က ဆက်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို လူတွေ အများကြီးသိကြတဲ့ အကြောင်းတခုကလည်း သူမအနေနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရတဲ့အချက်လဲ ပါပါတယ်။ တရုတ်နိုင်ငံရဲ့ ထောင်ထဲမှာလဲ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တဦးရှိနေပါတယ်။ အဲဒီလူကတော့ Liu Xiaobo (လူရှောင်ဘိုး) ဖြစ်ပါတယ်။ Liu Xiaobo အနေနဲ့ အခုချိန်မှာ လူတိုင်းရဲ့ ထောက်ခံ အားပေးမှုကို လိုအပ်နေပါတယ်။ အကျဉ်းမကျခင်က Liu Xiaobo ပြောဆို လှုပ်ရှားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း လွတ်လပ်ခွင့်နဲ့ ဆိုင်တဲ့ကိစ္စတွေကို တရုတ်နိုင်ငံမှာ ရှိနေတဲ့အချိန် တိုက်တွန်း ပြောဆိုလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နေအိမ်အကျယ်ချုပ်မကျခင်က အဲဒီကိစ္စတွေကိုပဲ ရပ်တည် လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း Liu Xiaobo ကိစ္စအပါအဝင် တခြား လူ့အခွင့်အရေးကိစ္စတွေကို ထည့်သွင်း ပြောဆိုဖို့ HRW အပါအဝင် တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်နွယ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်ဆီးမှု၊ သယံဇာတတွေ ဈေးပေါပေါနဲ့ ထုတ်ယူနေမှု စတဲ့ အချက်တွေကြောင့် မြန်မာလူထုအကြား မကျေနပ်မှုတွေ ပိုများလာနေတယ်လို့လည်း Brad Adams က ပြောပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်တွေကို တရုတ်နိုင်ငံမှာ ရှိနေစဉ်အတွင်း ပြောဆိုသင့်တယ်လို့ ထင်ကြောင်း၊ တရုတ်နိုင်ငံဟာ တစ်ပါတီ အာဏာရှင်နိုင်ငံဖြစ်ပြီး မြန်မာစစ်အစိုးရနဲ့ ထူးမခြားနားလှကြောင်း၊ အားနည်းတဲ့သူတွေအပေါ် ခေါင်းပုံဖြတ်တာ၊ မြေသိမ်း ယာသိမ်းလုပ်တာတွေချင်းလည်း မြန်မာနိုင်ငံနဲ့ တူညီကြောင်း Brad Adams က ဆက်ပြောပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ကြီးမားတဲ့ စမ်းသပ်မှုကြီးတခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီခရီးစဉ်ဟာ သူမအတွက် ကြီးမားတဲ့ စမ်းသပ်မှုကြီးတခုပါ။ သူမအနေနဲ့ တရုတ်နိုင်ငံကိုသွား၊ အဲဒီမှာ ခေါင်းဆောင်တွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး ပြန်လာမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း တိုင်းပြည်ထဲမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတချို့နဲ့ ပတ်သက်လို့ ရေငုံ နှုတ်ပိတ် နေခဲ့တဲ့အတွက် သူမအပေါ် ယုံကြည်မှု လျော့ကျလာနေသလို ထပ်ပြီး ယုံကြည်မှု ကျဆင်းသွားဖို့ပဲ ရှိပါတယ်။”

ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းပင်၊ ဝန်ကြီးချုပ် လီကေချန်းတို့နဲ့လည်း တွေ့ဆုံဖို့ ရှိတာကြောင့် အတိုက်အခံ ခေါင်းဆောင်တဦးကို တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေအနေနဲ့ ထူးထူးခြားခြား လက်ခံတွေ့ဆုံတယ်လို့ ပြောရမှာပါ။

တဘက်မှာလည်း အခုနှစ်မကုန်ခင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့အတွက် တရုတ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေသလားဆိုတဲ့ မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရတယ် မရဘူးဆိုတာထက် လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်း မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေခဲ့တာကြောင့် စစ်အစိုးရလက်ထက်ကတည်းက အစဉ်တစိုက် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးလာတဲ့ တရုတ်အစိုးရဟာ မြန်မာအစိုးရကို အစဉ်တစိုက် ထောက်ခံပေးနေမှာ မဟုတ်ဘူးဆိုတာကို ပြသတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားပြလိုက်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်၊ NLD ပါတီက လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယာသော် တို့လည်း လိုက်ပါသွားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG