သြဂုတ်လ (၁၇) ရက်နေ့ကနေ (၂၀) ရက်နေ့ထိ ၄ ရက်ကြာသွားရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်တွင်း နှစ်နိုင်ငံ စီးပွားရေးကိစ္စ အပါအ၀င် မြစ်ဆုံဆည်စီမံကိန်းကိစ္စဟာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်မယ်လို့ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူက ပြောပါတယ်။
ဒါ့အပြင် (၂၁) ရာစု ပင်လုံညီလာခံမတိုင်ခင် နှစ်ပတ်အလိုမှာ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အရေးပါတယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် NLD ဥက္ကဌအနေနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လက ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ အခုလို အစိုးရထိပ်ပိုင်း ခေါင်းဆောင်တဦးအနေနဲ့ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း အဓိကဆွေးနွေးနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် Stimson သုတေသနဌာန တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun က ဗွီအိုအေကို အခုလို သုံးသပ်ပြောဆိုပါတယ်။
“တရုတ်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ မဖြစ်မနေဆွေးနွေးရမယ့် ကိစ္စ နှစ်ခု ရှိနေပါတယ်။ ပထမတခုက စီးပွားရေးတိုးတက်ဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့ လိုအပ်နေပြီး အဲဒီအတွက် တရုတ်ရဲ့ပံပိုးကူညီမှု အခန်းကဏ္ဍကို နှစ်ဘက်စလုံးက နားလည်ပါတယ်။ ဒါကြောင့် သြဂုတ်လလယ်မှာ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်တွင်း ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ဒီကိစ္စဟာ ထိပ်ဆုံးက ရှိနေပါတယ်။”
ဒုတိယဦးစားပေး ဆွေးနွေးမယ့်ကိစ္စဟာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့အပိုင်း ဖြစ်လိမ့်မယ်လို့ Yun Sun က ဆိုပါတယ်။ သြဂုတ်လ (၃၁) ရက်နေ့မှာ ကျင်းပမယ့် (၂၁) ရာစုပင်လုံညီလာခံ မတိုင်ခင် နှစ်ပတ်အလိုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကိုသွားတာ အတော်လေး အရေးပါတဲ့အကြောင်း သူက အခုလို ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်မစွက်ဖက်ပါဘူးလို့ တရုတ်အစိုးရက ငြင်းဆိုထားတာပါ။ ဆိုလိုတာက တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စကိုပါ။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြှင့်တင်တဲ့အနေနဲ့ ကူညီပံပိုးမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်တွေအတွက် တရုတ်ကနေ အမေရိကန်ဒေါ်လာ သုံးသန်းကူညီထောက်ပံမှာ ဖြစ်တယ်လို့ တရုတ် အာရှရေးရာ အထူးသံတမန်က ဇူလိုင်လအကုန်ပိုင်းမှာ ကြေညာခဲ့တာပါ။ ဒါတွေကိုပြပြီး တရုတ်နိုင်ငံအနေနဲ့ ပင်လုံညီလာခံကို ထောက်ခံပြီး အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြောမှာ ဖြစ်ပါတယ်။”
နောက်ပြီး ဒီခရီးစဉ်မှာ တရုတ်အစိုးရဘက်ကနေ မြစ်ဆုံဆည်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကို မေးလိမ့်မယ်လို့ ယူဆမိကြောင်း Yun Sun က ပြောပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ မျှမျှတတနဲ့ ကောင်းမွန်တဲ့ အဖြေပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အသေအချာပြင်ဆင်ထားလိမ့်မယ်လို့ သူမြင်ကြောင်း Yun Sun ကဆိုပါတယ်။
“မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာ ကျမတို့ သိပါတယ်။ ဒီစီမံကိန်းကို ဖျက်သိမ်းဖို့ ဖြစ်နိုင်ချေ များနေပါပြီ။ တရုတ်အစိုးရဘက်ကလည်း ဒီလိုဖျက်သိမ်းမယ့်ကိစ္စကို ကောင်းတဲ့ထွက်ပေါက်အဖြစ် သဘောတူလိမ့်မယ်လို့ ကျမမြင်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံး မေးခွန်းကတော့ စီမံကိန်းဖျက်သိမ်းမယ့်အတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စဟာ NLD အစိုးရအတွက် ဖြေရှင်းဖို့ အခက်အခဲတွေ ရှိနေပါတယ်။”
ဒါ့အပြင် မြန်မာအစိုးရမှာ မြစ်ဆုံဆည်စီမံကိန်းကို အပြီးပိုင်ဖျက်သိမ်းဖို့ တရားဝင်လုပ်ပိုင်ခွင့် ရှိနေကြောင်း၊ ဒါပေမဲ့ NLD အစိုးရအနေနဲ့ တရုတ်ဘက်က ကျေနပ်လောက်တဲ့ ငွေကြေးအရ ပြန်ပြီး လျော်ရမယ့်ပမာဏကိုလည်း ထည့်သွင်းစဉ်စားဖို့လိုကြောင်း Yun Sun က ဆိုပါတယ်။