သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးဆဲ ဒေါ်စုပြောကြား


မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေ မရှိသေးဘဲနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ အောင်မြင်တယ်လို့ ဆိုနိုင်မှာ မဟုတ်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ၊ လူ့အဖွဲ့အစည်း တခုနဲ့တခုအကြား တင်းမာမှုတွေကို ကြည့်ရင် အမျိုးသား ပြန်လည်သင့် မြတ်ရေး ဖော်ဆောင်ဖို့ ကိစ္စဟာလည်း အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ် ဆိုတာကို ဖော်ပြနေတယ်လို့ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားခဲ့တာပါ။ မနေ့ကပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တချို့ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မွန်ဂိုလီးယားနိုင်ငံ မြို့တော် Ulaanbatar မှာ ကျင်းပနေတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ညီလာခံကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်နေတာမှာ မနေ့ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ ဆိုတာကစလို့ မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ၊ ကွဲပြားတဲ့ လူအဖွဲ့အစည်းတွေကြားက တင်းမာမှုတွေနဲ့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စတွေအပြင် မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံကြား တူညီမှုတွေကို နှိုင်းယှဉ်ပြီး ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ တိုးတက်ပြောင်းလဲမှုတွေ သိသိသာသာ မမြင်ရသေးသ၍ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ အောင်မြင် တယ်လို့ မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားပါတယ်။

“ကျမတို့ ရရှိထားတဲ့ အောင်မြင်မှုဟာ ပြည့်စုံလုံလောက်တဲ့ တိုးတက်အောင်မြင်မှု အဆင့်ရောက်ဖို့ သိပ်ကို ဝေးပါသေးတယ်။ ဒီကိစ္စ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမအတွက်ကတော့ တိုးတက်တယ်ဆိုတာက ပြည်သူတွေ ရဲ့ နေ့တဓူဝဘ၀တွေမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ရှိလာတာကို ဆိုလိုတာ ဖြစ် ပါတယ်။ သူတို့ရဲ့ဘဝတွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုကို ပြောင်းလာပြီလို့ ကျမတို့ ပြည်သူတွေကိုယ်တိုင် သိရှိလာတဲ့အချိန် မရောက်မချင်း ကျမတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နေပြီလို့ မဆိုနိုင်သေးပါဘူး။ ပြည် သူတွေက သူတို့ရဲ့ ဘဝတွေ ပိုမို ကောင်းမွန် တိုးတက်လာပြီလို့ ပြောနိုင်တဲ့ အခြေအနေကို ကျမတို့ မရောက်သေးပါဘူး။ အဲ့ဒီအခြေအနေ ရောက်အောင် ကျမတို့ အများကြီး ဆက်လုပ်ရပါဦးမယ်။”

မြန်မာနိုင်ငံအတွင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား ပဋိပက္ခတွေ၊ လူ့အဖွဲ့အစည်း တခုနဲ့တခုအကြား တင်းမာမှုတွေကို ကြည့်ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိမဖြစ် လိုအပ်နေတယ်ဆိုတာ ပြသနေတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောဆိုသွားပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ကျမတို့ တိုင်းပြည်အတွက် မဖြစ်မနေ ဖော်ဆောင်ရမယ့် အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ရှင်တို့လည်း သိကြမှာပါ။ ကျမတို့ တိုင်းပြည်မှာ ခုချိန်ထိ တိုင်းရင်းသား ပဋိပက္ခတွေ ရှိနေဆဲဖြစ်သလို မကြာသေးခင်က လူ့အဖွဲ့အစည်း တခုနဲ့ တခုအကြား ပဋိပက္ခတွေ ဖြစ်ခဲ့တာရှိပါတယ်။ ဒီပြဿနာတွေဟာ ကျမတို့ တိုင်းပြည်အတွက်၊ ကမ္ဘာကြီးအတွက် မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို ဖြေရှင်း ကျော်လွှား နိုင်တယ်ဆိုတာကို ကျမတို့ ပြသဖို့ လိုပါတယ်။”

အင်အားကြီး အိမ်နီးချင်း နိုင်ငံနှစ်ခုအကြား တည်ရှိနေတဲ့ မြန်မာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံဟာ ပထဝီဝင် အနေအထားအရ တူညီမှုတွေ အများကြီး ရှိတဲ့အကြောင်းနဲ့ ဒီလို အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးတွေနဲ့ တန်းတူညီတူ ဆက်ဆံရေး ထူထောင်နိုင်ဖို့အရေးမှာ မြန်မာနိုင်ငံအနေနဲ့ မွန်ဂိုလီးယားနိုင်ငံ ဆီကနေ လေ့လာ သင်ယူစရာတွေ အများကြီး ရှိတယ်လို့လည်း မြန်မာနဲ့ မွန်ဂိုလီးယားနိုင်ငံ နှစ်ခုကို နှိုင်းယှဉ်ပြီး ဒေါ်အောင်ဆန်းစုကြည် က ပြောသွားခဲ့ပါ တယ်။

“နိုင်ငံတခုနဲ့တခု ဆက်ဆံတဲ့နေရာမှာ အရေးကြီးဆုံးက အစိုးရ အချင်းချင်းကြား ဆက်ဆံရေး မဟုတ်ပါဘူး။ ပြည်သူအချင်းချင်းကြား ဆက်ဆံရေး ဖြစ်ပါ တယ်။ မြန်မာနိုင်ငံဟာ မွန်ဂိုလီးယားနိုင်ငံလိုပဲ အင်အားကြီး နိုင်ငံကြီး နှစ်ခုကြားမှာ တည်ရှိနေတာချင်း တူပါတယ်။ ကျမတို့ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နိုင်ငံတွေနဲ့ ကပ်လျက် အိမ်နီးချင်းနိုင်ငံ ဖြစ်ပါတယ်။”

“သမိုင်းတလျှောက် ဒီနိုင်ငံနှစ်ခုလုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ကျမတို့ တည်ဆောက်ခဲ့သလို၊ ရှေ့လျှောက်လည်း ကျမတို့ ဒီလိုပဲ တည်ဆောက် သွားချင်ပါတယ်။ ကျမတို့လို နိုင်ငံငယ်လေးတွေဟာ အင်အားကြီး နိုင်ငံတွေနဲ့တန်းတူ ခိုင်မာတဲ့ ကောင်းမွန်တဲ့ အများ လေးစားရတဲ့ မိတ်ဆွေ ဆက်ဆံရေး တည်ဆောက်နိုင်တယ်ဆိုတာနဲ့ ကျမတို့ဟာလည်း တခြားနိုင်ငံတွေနည်းတူ ကမ္ဘာကြီးအတွက် တနည်းတဖုံ ပေးဆပ်ဆောင်ရွက်နိုင်တယ် ဆိုတာကို ပြသ ချင်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ ဥပဒေပြုရေးအပိုင်းမှာ တိုးတက်မှုတွေ ရှိပေမဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းမှာတော့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိဖို့အပါအဝင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စကားပြောခဲ့တဲ့ မွန်ဂိုလီးယား သမ္မတ စာခီယာ အဲလ်ဘတ်ဒေါ် (Tsakhia Elbegdorj) ကတော့ အခုလို ညီလာခံမျိုးကို ဒေါ်အောင်ဆန်းစုကြည် အရင်က ဗွီဒီယိုကတဆင့် မိန့်ခွန်း ပေးပို့နိုင်ခဲ့တာကနေ အခု လူကိုယ်တိုင် လာရောက်နိုင်တဲ့အတွက် အထူး ဝမ်းသာကြိုဆိုရတဲ့အကြောင်း ပြော သွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ညီလာခံက ချီးမြှင့်တဲ့ ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ပေးအပ်တဲ့ Geremek လူ့အခွင့်အရေးဆုကိုလည်း ဒီပွဲမှာ လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

အခုကျင်းပနေတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ညီလာခံကို လူထုအခြေပြု အဖွဲ့အစည်းနဲ့ ဒီမိုကရေစီ ထွန်းသစ်စ နိုင်ငံများဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ တိုမီကာ တယ်လမန် (Tomicah Tillemann) လည်း တက်ရောက်နေပြီးတော့ ဒီမိုကရေစီ ထွန်းသစ်စနိုင်ငံများ အပါအဝင် တခြား အကြောင်းအရာ အများအပြားကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပင်တိုင် ဆွေးနွေးသူအဖြစ်နဲ့ ပါဝင်မှာလည်း ဖြစ်ပါတယ်။

ဒီညီလာခံကို ဒီမိုကရေစီနိုင်ငံ တစ်ရာကျော်က ရာနဲ့ချီတဲ့ အစိုးရခေါင်းဆောင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာ
ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG