သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဂျပန်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒေါ်စုဆွေးနွေး


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida တို့ တွေ့ဆုံစဉ် (၁၆ ဧပြီ ၂၀၁၃)
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida တို့ တွေ့ဆုံစဉ် (၁၆ ဧပြီ ၂၀၁၃)
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့် ခေါင်းဆောင် တွေက မြန်မာ့အရေး အားပေးသွားဖို့ ကတိပြုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာက ပံ့ပိုးကူညီမှုတွေဟာ ထိရောက်တဲ့ နေရာတွေအတွက် ဖြစ်စေ လိုတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယို ကိရှိဒါ (Fumio Kishida) တို့ဟာ အင်္ဂါနေ့ ညနေမှာ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး အပြောင်းအလဲတွေအတွက် ဂျပန်က ကူညီမယ့်အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဂျပန်နိုင်ငံက ဆက်ပြီးတော့ ထောက်ခံ ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာချိန်ကစပြီး ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့သလို၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော် ရွေးကောက်ပွဲမှာ ပါဝင်စေပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာနေပြီမို့ ရှေ့ဆက် အပြောင်းအလဲတွေအတွက် ဂျပန်နိုင်ငံက ကူညီမယ်လို့ ပြောကြားခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ ကမ်းလှမ်းချက် အပါအဝင် ရလာတဲ့ အခွင့်အရေးတွေကို ချက်ခြင်း အသုံးချနိုင်ရေးဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“အခွင့်အရေးတွေ အများကြီးရှိသလို၊ ဒီအခွင့်အရေးတွေကို သုံးနိုင်ဖို့ ဆိုတာကလည်း အင်မတန် အရေးကြီးပါတယ်။ အဲ့ဒါမှ အပြောင်းအလဲတွေကလည်း အကောင်းဘက်ကို ပြောင်းလာမှာပါ။”

ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ ပေးရေး အတွက် ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံရဲ့ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်
ရောက်သွားချိန်မှာ လွှတ်တော်အမတ်တွေဟာ မတ်တပ်ရပ်ပြီး သြဘာပေး ကြိုဆိုခဲ့ကြတာပါ။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကူအညီတွေ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု အသီးသီးကြားမှာ ငြိမ်းချမ်းမှုရအောင် လုပ်ဆောင်နေတာတွေကို ဂျပန်အစိုးရက ကူညီပံ့ပိုး ပေးချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တဲ့နောက်ပိုင်း ဂျပန်လုပ်ငန်းရှင်တွေဟာ အလုပ်သမား ပေါများပြီး လုပ်အားခ သက်သာတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့အတွက် စိတ်အားထက်သန် နေကြတာပါ။ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးမှုတွေရဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ လွှတ်တော် ၂ ရပ်စလုံးကို သွားရောက်ခဲ့တယ်လို့ တိုကျိုမြို့က မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးသန်းရွှေ ကပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဂျပန်မှာ လွှတ်တော် ၂ ရပ် ရှိတဲ့အထဲက မနက်ဘက်မှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီးတော့ နေ့ခင်းဘက် မှာ အောက်လွှတ်တော် ဘတ်ဂျက်ကော်မီတီ အစည်းအဝေးရှိတာကို အဲ့ဒီလွှတ်တော်မှာ သွားပြီးတော့ စကားနည်းနည်း ပြောခဲ့တယ်။”

အင်္ဂါနေ့ ညနေခင်းမှာ ဂျပန်နိုင်ငံရောက် ကျောင်းသူကျောင်းသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်း တချို့က ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ခဲ့တယ်လို့ တိုကျိုမြို့က ဦးလှဟန် ကပြောပါတယ်။

“ဂျပန်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးတွေနဲ့ ၃၅ နှစ်အောက် လူငယ်တွေနဲ့ အဲ့ဒါက သပ်သပ်၊ ဒီမိုကရေစီ လှုပ်ရှားတဲ့သူတွေထဲက အဖွဲ့အစည်းကခေါင်းဆောင်
တွေနဲ့ အသက် ၄၀ အထက် လူတွေကို သူတို့ စိစစ်ပြီးတော့ ဖိတ်ပြီးတော့ သူတို့ နားတဲ့အခါမှာ တယောက်ချင်းခေါ်တွေ့ပြီးတော့ ဒေါ်စုက တယောက်ချင်းကို မေးနေ တာ။”

ဂျပန်နိုင်ငံကို တပတ်ကြာခရီး သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား နာရုဟိတို (Naruhito) နဲ့ တွေ့ဆုံခဲ့သလို၊ ဗုဒ္ဓဟူနေ့မှာ တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့လည်း ဦးသန်းရွှေက ပြောပါတယ်။

“မနက်ဖြန်မှာတော့ ကျနော်တို့ တိုကျို တက္ကသိုလ်မှာ သူက မိန့်ခွန်းပြောကြားဖို့ရှိတယ်ဗျာ။ အဲ့ဒီကျလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရွေးစင်ပေါ့လေ ရွေးချယ် ထားတဲ့ ကျောင်းသားတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံကနေပြီးတော့ Asylum Seeker ဘဝနဲ့နေပြီးတော့ scholarship ရပြီးတော့ တက္ကသိုလ်မှာ တက်ခဲ့တဲ့ ဗမာကျောင်းသားတွေပါ ပါပြီးတော့ စကားပြောဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ မနက်ဖြန်မှာပဲ ဂျပန်နိုင်ငံမှာရှိတဲ့ NGO ပေါ့လေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော၊ အများအားဖြင့်တော့ Human Rights Organization တွေ များပါတယ်။ စစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံ ဒီမိုကရေစီအတွက်ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ဂျပန်လူမျိုးတွေနဲ့ ကျနော်တို့ ဗမာတွေ စုပြီးတော့ ဖွဲ့ထားတဲ့ NGO အဖွဲ့တွေ၊ နောက်တခါ Human Rights Watch တို့ Amnesty International တို့ အဲ့ဒီ NGO အဖွဲ့အစည်းတွေနဲ့ မနက်ဖြန်မှာ တွေ့ကြဖို့ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို မပြန်ခင်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့ သီးခြားတွေ့ဆုံဖို့လည်း ရှိပါတယ်။
XS
SM
MD
LG