သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်စုတောင်းဆိုချက် ဗြိတိန်ထောက်ခံ


ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးတယ် ဆိုတာကို လက်ခံတယ်လို့ ယူကေဝန်ကြီးချုပ်က ပြောလိုက်ပါ တယ်။ ယူကေမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံအပြီး ဗြိတိန်အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ပြောထားတာ ဖြစ်ပါတယ်။

ရန်ကုန် အထွေထွေဆေးရုံကြီး ပြင်ဆင်ဆောက်လုပ်ရေးအတွက်ကိုလည်း ဗြိတိန်အစိုးရက အကူအညီပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံကနေ ယူကေနိုင်ငံကို ခရီးဆက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့တော်မှာ ဗုဒ္ဓဟူးနေ့က ယူကေအစိုးရ ခေါင်းဆောင်ပိုင်းအပြင် အတိုက်အခံ ခေါင်းဆောင်တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုတွေအကြောင်း ခရီးစဉ်မှာ ပါလာတဲ့ ကိုနိုင်ငံလင်းက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“မနက်က ကျနော်တို့ ဒီ ယူကေရဲ့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ တွေ့ပါ တယ်။ နောက်ပြီးတော့ ဒုဝန်ကြီးချုပ်နဲ့လည်းတွေ့တယ်။ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ် နဲ့လည်းတွေ့တယ်။ ညနေဆိုရင် ကျနော်တို့ အတိုက်အခံခေါင်းဆောင် လေဘာပါတီခေါင်းဆောင် အက် မီလီဘန်နဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာလည်း အရင် မတွေ့ခင်မှာ ကျနော်တို့ ဝန်ကြီးတွေနဲ့လည်း တွေ့ပါတယ်။ နောက် လွှတ်တော်အမတ်တွေလည်း ပါတယ်။ ကျနော်တို့ ဝန်ကြီးချုပ်နဲ့ တွေ့ပြီးတဲ့အခါမှာ ကျနော်တို့ ဒုဝန်ကြီးချုပ် Nick Clegg နဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံကို အကူအညီပေးဖို့နဲ့ ရှေ့နိုင်ငံရေး ပိုပြီးတော့ ကောင်းမွန်လာအောင် အပြောင်းအလဲတွေ ပိုပြီး ကောင်းမွန်လာအောင် အကူအညီ ဝိုင်းပေးဖို့ ပြောတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ သွားရောက်တေ့ွဆုံခဲ့တာပါ။ ဝန်ကြီးချုပ်ရုံးမှာ မြန်မာနိုင်ငံက ဒီမိုကရေစီ အပြောင်းအလဲနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာမှာ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ် (William Hague) နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Justine Greening အပြင်၊ နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire တို့လည်းပါဝင်ခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ယူကေအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံက
ပြုပြင်ပြောင်းလဲမှုတွေအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကို ဝန်ကြီးချုပ်ရော သူပါသဘောတူတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ် ရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ အပြည့်အဝ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်ဖို့လိုအပ်တယ်လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ် ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ တကယ့်အပြောင်းအလဲတွေ ဖြစ်လာတာ
မြင်ခဲ့ရသလို ဒီပြောင်းအလဲတွေကို ဆက်လုပ်သွားဖို့ အရေးကြီးတယ် ဆိုတာကိုလည်း ထုတ်ပြန်ချက်ထဲမှာ မစ္စတာ ဟိဂ် က ပြောထားပါတယ်။

မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ယူကေအစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက အကူအညီတွေ ဆက်ပြီးပေးသွားမယ် ဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက ကျန်းမာရေးနဲ့ ပညာရေးပိုင်းမှာ တိုးတက်စေဖို့ အပါအဝင် မြန်မာနိုင်ငံအတွက် စတာလင်ပေါင် သန်း ၅၀ ကျော် သုံးစွဲဖို့ အာမခံထားတယ်လို့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Justine Greening ကပြောပါတယ်။

ပြည်သူတွေကို ဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်မဲ့ တာဝန်သိရင်းနှီးမြှပ်နှံမှုတွေ လုပ်ကြဖို့ ကုမ္ပဏီတွေကို ထောက်ပံ့ကူညီမှုတွေ ပေးနေတယ်လို့ ဝန်ကြီး Greening က ပြောပါတယ်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပြင်ဆင်ဆောက် လုပ်ရေးမှာ ယူကေအစိုးရက အကူအညီပေးသွားမယ့် အကြောင်းလဲ ယူကေအစိုးရက အသိပေး ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အအိုဟောင်းဆုံး ဆေးရုံတခုဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီး ပြင် ဆင်ဆောက်လုပ်ရေးအတွက် အဖွဲ့တဖွဲ့ကို ငွေကြေးထောက်ပံ့ပြီး ပြင်ဆင်ဖို့ လိုအပ်တာတွေ သုံးသပ်စီစဉ်ဖို့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး Justine Greening တို့ ဆွေးနွေးခဲ့ကြတာပါ။

ရန်ကုန်ဆေးရုံကြီး ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံသွားမှာ ဖြစ်သလို၊ မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အတွက်ကိုလည်း ထောက်ခံသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး Greening ရဲ့ ပြောကြားချက်ကို ယူကေအစိုးရ ထုတ်ပြန်ချက်မှာ ကိုးကားဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကတော့ အိမ်ရှေ့မင်းသား Charles နဲ့ ကြင်ယာတော် Camilla တု့ိကို Clarence House မှာသွားရောက် တွေ့ဆုံခဲ့ပါတယ်။ လန်ဒန်မြို့တော် ခရီးစဉ်အတွင်း အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Ed Miliband နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကြာသပတေးနေ့မှာတော့ မြောက်ပိုင်း အိုင်ယာလန်က Belfast မြို့ကို ခရီးဆက်ပါလိမ့်မယ်။ မြောက်ပိုင်းအိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်ပါတယ်။ သောကြာနေ့ကျရင် Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို သွားရောက် လေ့လာမှာဖြစ်ပြီး ဗိုလ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် ဥရောပခရီးစဉ် ဖြစ်ပါတယ်။ ယူကေကို မလာခင်မှာ Belgium, Luxemburg နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ၊ ဥရောပပါလီမန်ဥက္ကဋ္ဌ၊ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ
နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက ဥရောပပါလီမန်က ပေးထားတဲ့ လွတ်လပ်စွာတွေးခေါ်မှု Sakharov ဆုကို ကိုယ်တိုင်လက်ခံယူခဲ့ပါတယ်။ အခုယူကေခရီးစဉ် ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ခရီးဆက်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံခဲ့တဲ့ မြို့ ၅ မြို့ကို သွားမှာဖြစ်ပါတယ်။
XS
SM
MD
LG