သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမား နှစ်နိုင်ငံအရေး အိမ်ဖြူတော်မှာ ဆွေးနွေးမည်


ဗြိတိန်နိုင်ငံကနေ ခရီးဆက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒေသစံတော်ချိန် ည ၉ နာရီမှာ ဝါရှင်တန်မြို့တော်ဆီကို ရောက်ရှိလာပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ အထူးဧည်ဂေဟာ Blair House မှာ တည်းခိုမှာဖြစ်ပြီး သူ့ကို ကြိုဆိုဖို့အတွက် ဝါရှင်တန်အနီးတဝိုက်က မြန်မာလူမျိုးတွေလည်း ရောက်ရှိနေကြတယ်လို့ အဲဒီမှာရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီ မိနစ် ၂၀ မှာ သမ္မတ Barack Obama နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ Oval ရုံးခန်းမှာ တွေ့ဆုံပြီး ၂ နိုင်ငံအရေးဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဒီဆွေးနွေးပွဲကို ဒုသမ္မတ Joe Biden လည်းတက်ရောက်မှာဖြစ်ပါတယ်။

အဲဒီနောက် ညနေပိုင်းကျရင်တော့ သမ္မတအိုဘားမားဟာ ဘဏ္ဍာရေးဝန်ကြီး Jack Lew နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝါရှင်တန်မြို့တော် ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး John Kerry အပြင် တခြားထိပ်တန်းအစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေနဲ့လည်း တေ့ွဆုံဖို့ရှိပါတယ်။

စက်တင်ဘာ ၁၅ ရက် ညပိုင်းကျရင်တော့ အမေရိကန်စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေးအဖွဲ့နဲ့ အမေရိကန် အာဆီယံစီးပွားရေးကောင်စီတို့ ပူးတွဲပြုလုပ်တဲ့ ညစာ ဧည့်ခံပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါလိမ့်မယ်။

ဒါ့အပြင် အမေရိကန်အောက်လွှတ်တော်ဆိုင်ရာ ဒီမိုကရေစီရေးရာ မဟာမိတ်အဖွဲ့ Democracy Partnership နဲ့ ဒီမိုကရေစီ မြှင့်တင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပူးပေါင်းစီစဉ်တဲ့ လွှတ်တော်ပွဲတခုကိုလည်း စက်တင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာ တက်ရောက်ဖို့ရှိပါတယ်။

ဝါရှင်တန်မြို့တော် ခရီးစဉ်ပြီးရင်တော့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ နယူးယောက်မြို့ကို ခရီးဆက်မှာဖြစ်ပါတယ်။ New York မြို့မှာ ရောက်နေစဉ်အတွင်း စက်တင်ဘာ ၂၁ ရက်ကျရင် Asia Society Policy Institute ကစီစဉ်တဲ့ မြန်မာ့ဖွံ့ဖြိုးရေးနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို အင်တာနက်ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG