သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတွေ ရှောင်ရှားဖို့ ဒေါ်စုနဲ့ ဒလိုင်းလားမား တိုက်တွန်း


Forum 2000 ညီလာခံကြီးမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - http://www.forum2000.cz/)
Forum 2000 ညီလာခံကြီးမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - http://www.forum2000.cz/)
မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ အသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုတွေအဖြစ် သတိထားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း အင်္ဂါနေ့က တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကို မအင်းကြင်းနိုင်က တင်ပြထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၇ ရက်နေ့က ချက်သမ္မတနိုင်ငံက မထွက်ခွာခင် ဒေသစံတော်ချိန် ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ပဋိပက္ခတွေကို ဝိုင်းဝန်းဟန့်တားကြဖို့နဲ့ သတိထားကြဖို့ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းပြည်ညီညွတ်ရေးကို မလိုချင်ဘဲ သွေးခွဲအုပ်ချုပ်ရေးကို လိုလားသူတွေရဲ့ လှည့်ကွက် အလိုကျလုပ်ဆောင်နေတယ်လို့ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာတိုင်းရင်းသူ အမျိူးသမီးတဦး ပြောသွားတဲ့အသံကို ကြားရတဲ့အတွက် သူ အားတက်မိတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ပြည်ပမှာ ရှိနေသူတွေအနေနဲ့လည်း ဒီအချက်ကို သတိပြုဖို့ ကျမ တောင်းဆိုချင်ပါတယ်။ ယုံကြည်မှုနဲ့ ညီညွတ်မှုတွေကို တည်ဆောက်ဖို့ ကျမတို့ လိုအပ်နေတာပါ။ အခုအချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှု၊ စာနာကူညီမှုတွေကို ကျမတို့ လိုအပ်နေပါတယ်။ ကျမတို့အနေနဲ့ မြန်မာနိုင်ငံမှာ စည်းစည်းလုံးလုံး ညီညွတ်ဖြစ်ဖို့ လိုလားပါတယ်။ နောက်ပြီး ကျမတို့ ဖြေရှင်းကျော်လွှားရမယ့် ပြဿနာတွေ အများကြီးရှိနေတာပါ။ ခွဲခြားမှုနဲ့ ညီညွတ်ရေးကို မလိုလားသူတွေ၊ သွေးခွဲမှုကို လိုလားသူတွေရဲ့ လှည့်ကွက် ကြိုဆွဲနေတဲ့အတိုင်း ကျမတို့ မကသင့်ပါဘူး။”

သတင်းစာရှင်းလင်းပွဲအပြီးမှာ ချက်သမ္မတနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာဒုက္ခသည် မိသားစုတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာလည်း လူမျိုးရေး၊ ဘာသာရေး မခွဲခြားဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားတယ်လို့ Burma Center Prague ရဲ့ ညွန်ကြားရေးမှူး မစံပယ်စိုးက ပြောပါတယ်။

“ဒေါ်စုကိုယ်တိုင်ကတော့ ပြောသွားပါတယ်။ ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုလို အခြေအနေမှာ မူဆလင်တွေရော၊ မြန်မာတွေရော တယောက်နဲ့ တယောက် ပိုပြီးတော့ ညီညွတ်အောင်၊ ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါလို့ သူ့ဘက်ကနေ ပြောတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ပြဿနာတွေဟာ တကယ်တမ်းကျတော့ အချင်းချင်း ဖြစ်နေကြတဲ့ ပြဿနာတွေ မဟုတ်ဘဲနဲ့ တမင်လုပ်ထားတဲ့ တမင်ဖြစ်နေတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အားလုံးကလည်း ဒီလိုမျိုး နားလည်မှုတွေ အချင်းချင်းကြားမှာ မရှိဘူး ဆိုလို့ရှိရင် ဒီပြဿနာတွေက ပိုပြီးတော့ စိုးမိုးလာနိုင်တယ်ဆိုပြီးတော့ ပြောသွားပါတယ်။”

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူမှုအသိုင်းအဝိုင်းကြား အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်နိုင်တာမျိုး မရှိတဲ့အပေါ်မှာ အထူးပဲ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ အထူးသဖြင့် မနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆောင်တဲ့ အကြမ်းဖက်မှုတွေမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁ သိန်းခွဲနီးပါးလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ချက်သမ္မတနိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 ညီလာခံကို တက်ရောက်လာတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း မြန်မာနိုင်ငံမှာ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာသံဃာတော်တွေကို အခုလို ပန်ကြားသွားပါတယ်။

“မြန်မာနိုင်ငံက သံဃာတော်တွေအနေနဲ့ မူဆလင်တွေအပေါ် အမျက်ဒေါသ ဖြစ်လာကြပြီဆိုရင် ဗုဒ္ဓရဲ့ တရားတော်တွေကို ကျေးဇူးပြုပြီး သတိရကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလို သတိရလိမ့်မယ်ဆိုရင် မူဆလင် ညီအကိုတော်တွေ၊ ညီအမတွေကို အကာအကွယ် ပေးနိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။”

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူရဲ့သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်ချက်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်းထောက်ပြပြီး ကူညီပံ့ပိုးကြဖို့ တိုက်တွန်းသွားပါတယ်။

အဲဒီနောက်မှာတော့ ဒေသစံတော်ချိန် ညပိုင်းမှာ ဒေါ်အေင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံ ပရက်မြို့တော် လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပါပြီ။ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG