သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ ဝင် မဝင် NLD မဆုံးဖြတ်ရသေး


ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။ ဒီဇင်ဘာလ ၃၀၊ ၂၀၁၄ (AP-ကိုခင်မောင်ဝင်း)
ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။ ဒီဇင်ဘာလ ၃၀၊ ၂၀၁၄ (AP-ကိုခင်မောင်ဝင်း)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူးဆိုတာကို ဆုံးဖြတ်ချက် မချရသေးသလို စောင့်ကြည်အုန်းမှာဖြစ်တဲ့အကြောင်း အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ်ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လက်ပံတောင်းအရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင်၊ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်တဲ့ အချက်တွေကိုပါ ဒီနေ့ သတင်းစာရှင်းလင်းပွဲအတွင်း သူရဲ့သဘောထားတွေကို ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင် မဝင် ဆုံးဖြတ်ချက် မချရသေးဘူးလို့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုသွားခဲ့တာပါ။

“နိုင်ငံရေးမှာဆိုရင် အချိန်ကာလဆိုတာက အင်မတန်မှကို အရေးပါပါတယ်။ နိုင်ငံရေးမှာဆိုရင် တရက်ကလေးတောင်မှ အများကြီး ပြောင်းလဲသွားနိုင်တွေ ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဘယ်လိုဘယ်လို အခြေအနေတွေ ဖြစ်ပေါ်လာမလဲဆိုတာဟာ အန်တီ ခဏခဏပြောတယ် အန်တီက ဗေဒင်ဆရာမဟုတ်ဘူး။ နိုင်ငံရေးသမားပဲ။ နိုင်ငံရေးသမားဆိုတော့ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မလဲဆိုတာတော့ တွက်ဆတာတော့ တွက်ဆတာပဲ။ ဒါ တွက်ဆရမှာပဲ။ ဒါပေမဲ့ တွက်ဆတဲ့အတိုင်း ဖြစ်လာမယ်လို့လည်း အသေမှတ်ယူလို့ မရဘူး။ အဲတော့ အခြေအနေအပေါ်မှာ အခြေခံပြီးတော့မှ ဆုံးဖြတ်ချက်ချရတာပေါ့။ အခုအချိန်က သိပ်စောပါသေးတယ်။ ရွေးကောက်ပွဲက ကျင်းပမှာလား။ ဘယ်တော့ကျင်းပမှာလဲဆိုတာ တရားဝင် ကြေညာတာမရှိသေးပါဘူး။”

၂၀၁၀ တုန်းက ရွေးကောက်ပွဲ မဝင်ခဲ့တာနဲ့ ၂၀၁၂ မှာ ရွေးကောက်ပွဲ ဝင်ခဲ့တာတွေကလည်း မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာကြည့်ပြီး ဆုံးဖြတ်ချက်ချခဲ့တာလို့ သူကပြောပါတယ်။

“ဥပမာ ၂၀၁၀ တုန်းက အန်တီတို့ ရွေးကောက်ပွဲမဝင်ခဲ့ဘူး။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ၁ နှစ်လောက်အတွင်းမှာပဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒါကလည်း အခြေအနေအရပေါ့နော်။ ၂၀၁၀ တုန်းက မေးတုန်းကလည်း အန်တီတို့ မဖြေနိုင်ဘူးလေ။ ဘယ်လိုအခြေအနေတွေမှာ ရွေးကောက်ပွဲဝင်မလဲဆိုတာ။ ဒါကတော့ အခြေအနေတွေအပေါ်မှာ မူတည်ပြီးတော့ ကြည့်ရမှာပေါ့။ လက်ခံစရာမကောင်းဘူးလို့ အဲ့ဒီတုန်းကတော့ နည်းနည်းပိုပြီးတော့ ရှင်းတာက ဒီလက်မခံနိုင်တဲ့အထဲမှာဆိုရင် အကျဉ်းကျနေတဲ့ အန်တီတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေ ထုတ်ပစ်ရမယ့်ကိစ္စတွေ ဘာတွေ ဒါတွေ ကျမတို့ လက်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ကျမတို့ မဝင်ဘူးဆိုပြီးတော့ တိတိကျကျ ပြောခဲ့လို့ရတယ်။ အခုကျတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုစည်းမျဉ်းစည်းကမ်း ဥပဒေတွေ ထုတ်ဦးမှာလဲဆိုတာလည်း အန်တီတို့က မသိသေးဘူးလေ။ အဲ့ဒါတွေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့။”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ လတ်တလော အငြင်းပွားစရာတွေဖြစ်နေတဲ့ လက်ပံတောင်းကြေးနီစီမံကိန်း အရေးနဲ့ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“အစီရင်ခံစာဟာ အားလုံးအတွက် အဆင်ပြေအောင်ဆိုတဲ့ ဦးတည်ချက်နဲ့ ရေးပြီးတော့ အကြံပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲက အကြံပြုချက်တွေအတိုင်း တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ အန်တီတို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီလို တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားတာမရှိလို့ ပြဿနာတွေက ထပ်ပြီးဖြစ်နေတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ လတ်တလော အစိုးရဝန်ထမ်းတွေကို လစာတိုးပေးသင့်၊ မသင့် သူတို့ရဲ့သမ္မတရုံး ဝပ်ဆိုဒ်ကနေ စစ်တမ်းကောက်ယူနေတာပါ။ လစာတိုးပေးသင့်၊ မသင့် စစ်တမ်းကောက်သလို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်သင့် မပြင်သင့်ကိုလည်း စစ်တမ်း ဘာကြောင့် အစိုးရက မကောက်သလဲ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။

“ပထမဆုံးပြောချင်တာကလေ စစ်တမ်းကောက်တဲ့အခါမှာ ကောက်ချင်တဲ့ကိစ္စကျတော့ ကောက်ပြီး၊ မကောက်ချင်တဲ့ကိစ္စကျတော့ မကောက်ထားဘူး။ အဲ့ဒါ အန်တီတော့ သဘောမကျဘူး။ အဲ့ဒီတော့ ဒီလစာတိုးရေးဆိုတဲ့ကိစ္စကို စစ်တမ်းကောက်လို့ရှိရင် သူက ဘာဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို စစ်တမ်းမကောက်သလဲ။ တကယ် တတိုင်းပြည်လုံးအတွက် အရေးကြီးတဲ့ကိစ္စကျတော့ စစ်တမ်းမကောက်ဘဲနဲ့ ဒီဟာကျမှ ဘာလို့ စစ်တမ်းကောက်သလဲဆိုတာ အဲ့ဒါကို အန်တီက မေးချင်တယ်။”

စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေးဟာ ကောင်းမွန်ခဲ့ပေမဲ့လို့ နောက်ထပ် စစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ဦးသိန်းစိန်နဲ့ကျတော့ ဘာကြောင့် ဆက်ဆံရေးမကောင်းသလဲလို့ မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်က သူမကို ဖိတ်ခေါ်မှု နည်းခဲ့တာကြောင့်လို့ ပြန်ဖြေခဲ့ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာကမှာ ဝေဖန်နေတဲ့ မျိုးစောင့်ဥပဒေတွေဟာ လာမယ့် လွှတ်တော်မှာ ဆွေးနွေးဖို့တွေ ရှိလာတော့မှာ ဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း လေ့လာနေသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီဥပဒေတွေအပေါ်မှာ လေ့လာဆန်းစစ်နေတယ်လို့ ပြောပါတယ်။

“တရားဥပဒေနဲ့ပတ်သက်တဲ့ ဥပဒေအထောက်အကူပြု အဖွဲ့ကနေလည်း ဒါတွေကို လေ့လာပါတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကလည်း လေ့လာပါမယ်။ ဒါမျိုးဆိုတာက အင်မတန်မှ နက်နဲတယ်၊ အင်မတန်မှ သိမ်မွေ့တယ်၊ အင်မတန်မှ အမှားအယွင်း အတိမ်းအစောင်း မခံပါဘူး။ ဒါကြောင့်မို့လို့ လက်လွတ်စပယ် ပြောလို့မဖြစ်ပါဘူး။ သေသေချာချာ ဥပဒေပိုင်းဆိုင်ရာကနေပြီးတော့ စိစစ်လေ့လာပြီးမှ ဘယ်လိုဆိုတာကို အန်တီတို့ ပြောလို့ရမှာဖြစ်ပါတယ်။”

ဒီကနေ့ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထိုင်းနိုင်ငံ လိပ်ကျွန်းကိစ္စမှာ လူသတ်တရားခံအဖြစ် တရားစွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့အရေးမှာ တရားဥပဒေအတိုင်း အခွင့်အရေး အပြည့်အဝရဖို့ လိုပြီးတော့ လက်ရှိအချိန်မှာ သူတို့ ၂ ဦးအတွက် တရားဥပဒေအရ ခုခံ ကာကွယ်ခွင့် အပြည့်အဝရရေးကိုသာ စောင့်ကြည်ပေးရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG