သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်း အာဏာ ရှိနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒေါ်စုဝေဖန်


Opera House မှာ သြစတြေးလျ နည်းပညာတက္ကသိုလ် (UTS) နဲ့ ဆစ်ဒနီတက္ကသိုလ်တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို လက်ခံရယူပြီးနောက် ပရိတ်သတ်ကို စကားပြောဆိုနေစဉ်။
Opera House မှာ သြစတြေးလျ နည်းပညာတက္ကသိုလ် (UTS) နဲ့ ဆစ်ဒနီတက္ကသိုလ်တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို လက်ခံရယူပြီးနောက် ပရိတ်သတ်ကို စကားပြောဆိုနေစဉ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် စစ်တပ်ရဲ့ထောက်ခံမှု လိုအပ်နေတဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာစေဖို့ သြစတြေးလျ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အားပေးကူညီမှုတွေ ရှိပေမဲ့ အသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုတွေ ရှိနေတာတွေကို အလေးထား ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ် ပထမနေ့နဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ တွေ့မြင်လာနေရပေမဲ့ ခိုင်မာတဲ့ အခြေအနေမှာ မရှိသေးတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သတိမူကြဖို့၊ အထူးသဖြင့် အသွင်ကူးပြောင်းရေးအတွက် အဓိက အဟန့်အတား ဖြစ်နေရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည် အလေးထား ပြောသွားတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့အတွက်လည်း စစ်တပ်ရဲ့ အားပေးထောက်ခံမှု အဓိက လိုအပ်နေတယ်လို့ ဆစ်ဒနီမြို့က နာမည်ကျော် Opera House မှာ သြစတြေးလျ နည်းပညာတက္ကသိုလ် (UTS) နဲ့ ဆစ်ဒနီတက္ကသိုလ်တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို လက်ခံရယူပြီးနောက် ပရိတ်သတ်ကို စကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားခဲ့တာပါ။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အောင်အောင်မြင်မြင်
လျှောက်လှမ်းနေပြီလို့ ယူဆသူတွေ ရှိတယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ဘာကြောင့် မှားတယ်လို့ ပြောနိုင်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံက အခြေခံဥပဒေကို လေ့လာကြည့်ရင်ပဲ သိနိုင်ပါတယ်။ သိပ်များများစားစား လုပ်စရာလည်း မလိုပါဘူး။ အသေအချာ လေ့လာကြည့်မယ်ဆိုရင် ဒီလို အခြေခံဥပဒေအောက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ မရနိုင်ဘူးဆိုတာကို သိရပါလိမ့်မယ်။”

အချေအတင် ဖြစ်စရာ အခြေအနေတွေအောက်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဆိုရင်တော့ နိုင်ငံခြားသားနဲ့ ဆွေမျိုးသားချင်း တော်စပ်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့အဆင့်မြင့် ရာထူးတွေကို တာဝန်ယူခွင့်လည်း မရှိပါဘူး။ ဒီလို ပြင်ဆင်စရာတွေ အများအပြားရှိနေတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော်တွင်းက တာဝန်ရှိသူတွေ၊ သမ္မတတို့ တွေ့ဆုံဆွေးနွေးရေးအတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက မကြာသေးခင်ကပဲ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ စစ်တပ်က ထောက်ခံမှုရဖို့ လိုအပ်နေတာကို သြစတြေးလျ ခရီးစဉ်အစမှာပဲ ပြောဆိုခဲ့တာပါ။

“ပြင်နိုင်တယ်၊ မပြင်နိုင်ဘူးဆိုတာနဲ့ ပတ်သက်လို့ ရွေးကောက်တင်မြှောက်ထား သူ မဟုတ်တဲ့ လူပုဂ္ဂိုလ်တယောက်ရဲ့ ဆန္ဒအပေါ်မှာ မူတည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီဆန်တယ်လို့ ခေါ်လို့ရမှာတဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေး ဦးစီးချုပ် ဆိုတာက ရွေးကောက်တင်မြှောက်ထားသူ မဟုတ်ပါဘူး။ အခြေခံဥပဒေထဲက လုံးဝကို ဒီမိုကရေစီ မဆန်တဲ့ ကိစ္စတွေ တသီတတန်းထဲမှာ ဒီကိစ္စက ထိပ်ဆုံးက ပါပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ် ဆိုရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရပါလိမ့်မယ်။”

ပရိတ်သတ်တွေနဲ့ အပြန်အလှန် မေးမြန်းခန်းတွေ အပါအဝင် မြန်မာနိုင်ငံ အနာဂတ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆစ်ဒနီ Opera House မှာ စကားပြောရာမှာတော့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်နေကြတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုသွားခဲ့တာပါ။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းအဖြစ် တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုပေးဖို့ အစိုးရက ပျက်ကွက်တာဟာ ပြဿနာတခုအဖြစ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ပါတယ်။

“အစိုးရအနေနဲ့ ကျမတို့ တိုင်းပြည်တွင်းက လူတွေအားလုံးကို အကာအကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ အားလုံးအတွက် လုံခြုံစိတ်ချရမှု ရှိစေဖို့ တရားဥပဒေစိုးမိုးအောင် လုပ်ရပါလိမ့်မယ်။ လုံခြုံမှုမရှိဘဲနဲ့ ငြိမ်းချမ်းမှုလည်း မရှိနိုင်ပါဘူး။ ကျမ ထပ်တလဲလဲ ပြောခဲ့ပြီးပါပြီ၊ လုံခြုံမှု မရှိသေရွေ့ ပြဿနာကို စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်မှာလည်း မဟုတ်ပါဘူး။ လူတွေ သတ်ဖြတ်ခံရ၊ အိုးအိမ်ပစ္စည်းတွေကို တိုက်ခိုက်ဖျက်ဆီး ခံနေရတဲ့ အခြေအနေမျိုးမှာ တဘက်နဲ့တဘက် အဓိပ္ပါယ်ရှိရှိ ဆွေးနွေး စကားပြောနိုင်ကြမှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့လည်း တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်သင့်သလောက် လုပ်ခဲ့တယ်လို့ ကျမကတော့ မယူဆပါဘူး။”

သြစတြေးလျနိုင်ငံကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ထောက်ခံသူပေါင်း ထောင်ဂဏန်းချီ ကြိုဆိုခဲ့ကြပြီး၊ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ New South Wales ဘုရင်ခံ Marie Bashir နဲ့ တွေ့ဆုံခဲ့သလို၊ ဆစ်ဒနီမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့တာပါ။ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သီတင်းတပတ်ကြာ ခရီးစဉ်အတွင်းမှာတော့ ဆစ်ဒနီမြို့ သာမက အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့၊ မယ်လ်ဘုန်းမြို့တွေကိုပါ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာဖြစ်ပြီး သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott၊ နိုင်ငံခြားရေးဝန်ကြီး Julie Bishop အပါအဝင် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG