သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သြစတြေးလျ ခရီးစတင်


 သြစတေးလျနိုင်ငံခရီးစဉ် စတင်တော့မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်။ နိုဝင်ဘာလ ၂၆၊ ၂၀၁၃။ NLD's Official Facebook Pages.
သြစတေးလျနိုင်ငံခရီးစဉ် စတင်တော့မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်။ နိုဝင်ဘာလ ၂၆၊ ၂၀၁၃။ NLD's Official Facebook Pages.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ထပ် ပြည်ပခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံကို သွားရောက်ဖို့ ဒီကနေ့ပဲ မြန်မာနိုင်ငံက ထွက်ခွာသွားပါပြီ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးအဖြစ် သြစတြေးလျ အစိုးရထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ ကမ္ဘာ့ AIDS နေ့ အခမ်းအနားကိုလည်း တက်ရောက်ဦးမှာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့ဝင်လေးဦးဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ အင်္ဂါနေ့မှာပဲ မြန်မာနိုင်ငံကနေ သြစတြေးလျနိုင်ငံကို စတင် ထွက်ခွာပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ်ဟာ အဓိက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ AIDS နေ့ အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီခရီးစဉ်တခုလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ World AIDS Day အခမ်းအနားကို တက်ရောက်ဖို့ပါ။ Melbourne မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကျင်းပမယ့် World AIDS Day အခမ်းအနားပေါ့ဗျာ ဒီအခမ်းအနားကို တက်ရောက်ဖို့ကတော့ အဓိကရည်ရွယ်ချက်ပါ။ နောက်ပြီးကျတော့ Canberra မှာရှိတဲ့ သြစတြေးလျလွှတ်တော်ကို သွားရောက် လေ့လာစရာတွေလည်းရှိသလို၊ Melbourne နဲ့ Sydney မှာရှိနေတဲ့ သြစတြေးလျတက္ကသိုလ်တွေမှာလည်း ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့၊ လေ့လာဖို့ ဒါတွေလည်း ရှိပါတယ်ခင်ဗျ။ နောက်တခါ သြစတြေးလျဝန်ကြီးချုပ်ဖြစ်တဲ့ Tony Abbott တို့၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop တို့နဲ့လည်း တွေ့ဖို့ အစီအစဉ်ရှိသလို၊ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာမိသားစုတွေနဲ့လည်း Sydney နဲ့ Melbourne မြို့တွေမှာ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ ညပိုင်းလောက်မှာတော့ မြန်မာနိုင်ငံကို ပြန်ရောက်ပါမယ်ခင်ဗျ။”

သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်းမှာ သြစတြေးလျပါလီမန်ကိုလည်း သွားရောက်လေ့လာမှာဖြစ်ပြီး လွှတ်တော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ သြစတြေးလျနိုင်ငံက တက္ကသိုလ် ၃ ခုကနေ ပူးပေါင်းပြုလုပ်မယ့် Sydey Opera House မှာ ကျင်းပမယ့် ဘွဲ့နှင်းသဘင်အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အမှာစကား ပြောကြားဖို့ ရှိပါတယ်။ ဒီနောက်မှာ Australian National တက္ကသိုလ်၊ Monash တက္ကသိုလ်တွေကို သွားရောက်လေ့လာပြီး မြန်မာနိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကိုလည်း ပညာရှင်တွေနဲ့ ဆွေးနွေးဖို့ရှိပါတယ်။

သြစတြေးလျနိုင်ငံ အကြီးအကဲတွေရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ဒီခရီးစဉ်အတွင်း သြစတြေးလျ-မြန်မာနိုင်ငံ ဆက်ဆံရေး ပိုကောင်းမွန်လာစေဖို့ မျှော်လင့်တယ်လို့ သြစတြေးလျနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချိုကလည်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး သြစတြေးလျကိုလာတဲ့ ခရီးစဉ်ဟာ သြစတြေးလျဘုရင်ခံချုပ်ကနေ နိုင်ငံတော်ဧည့်သည်အဖြစ်နဲ့ ဖိတ်ကြားလို့လာခဲ့တဲ့ခရီးစဉ်မို့လို့ ကျနော်တို့ မြန်မာတွေအကုန်လုံးကနေ တကယ့်ကို ဂုဏ်ယူဝမ်းသာပြီးတော့ပေါ့နော် အားရပါးရ ကြိုဆိုဖို့ ကျနော်တို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကြောင့် သြစတြေးလျအစိုးရရော၊ သြစတြေးလျပါလီမန်၊ သြစတြေးလျလူ့အသိုင်းအဝိုင်း အကုန်လုံးကနေ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ကို ပိုပြီးတော့ စိတ်ဝင်စားလာမယ်လို့ ကျနော်တို့ ပိုပြီးတော့ ယုံကြည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ Sydney မြို့၊ Canberra မြို့နဲ့ Melbourne မြို့တွေကို သွားရောက်ဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျကို လာမယ်ဆိုတာ သိတာနဲ့ ကျနော်တို့ Sydney အခြေစိုက် အဖွဲ့ပေါင်းစုံရဲ့ ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေ အားလုံး စုဖွဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြိုဆိုရေးကော်မတီဆိုတာ ကျနော်တို့ ဖွဲ့ထားပါတယ်။ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေရဲ့ မေးခွန်းတွေ အကုန်လုံးကို စုစည်းပြီးတော့ တူရာတူရာလေးတွေ ကျနော်တို့ ခွဲထားပါတယ်။ အဲ့ဒီမှာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ မေးခွန်းလေးတွေ ကျနော်တို့ ခွဲထားပါတယ်။ အချိန်ရရင် ကျနော်တို့ ဒီမေးခွန်းတွေကို ဦးစားပေးအလိုက်ပေါ့လေ မေးဖို့အစီအစဉ်တွေရှိပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလေးတွေ၊ နောက် တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးတွေ မဖြစ်သေးဘဲနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာ၊ ဘာသာရေး၊ လူမှုရေးပြဿနာတွေ ဖြစ်နေတာ၊ နောက်ပြီးတော့ တရားဥပဒေကင်းမဲ့မှုပြဿနာတွေ အဲ့ဒါတွေ အကုန်လုံးနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ဖို့ အခက်အခဲ ဘယ်လောက်အခြေအနေရှိတယ်ဆိုတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စတွေ ဒါတွေအကုန်လုံးကို လွှမ်းခြုံတဲ့မေးခွန်းတွေ မေးဖို့တော့ အစီအစဉ်ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သီတင်းတစ်ပတ်တာ ကြာမြင့်မှာဖြစ်ပါတယ်။
XS
SM
MD
LG