သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်ကို ဦးဆောင်မည်


(Credit: Channel News Asia)
(Credit: Channel News Asia)

အသစ်ပေါ်လာမယ့် လွှတ်တော်တွေကနေ ဘယ်သူ့ကိုပဲ သမ္မတအဖြစ် ရွေးချယ်သည်ဖြစ်စေ သူကပဲ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

နိုဝင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့က စင်္ကာပူအခြေစိုက် Channel News Asia (CNA) သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောသွားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အတော်လေး ရှင်းရှင်းလင်းလင်း တုံ့ပြန် ဖြေဆိုသွားတာပါ။ Reuters သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခုကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲတွေမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အသစ် ဖွဲ့စည်းပေါ်ပေါက်လာမယ့် လွှတ်တော်တွေကနေ ဒုတိယသမ္မတ ၃ ဦးကို ရွေးချယ်ပြီးတဲ့နောက် အဲဒီ ၃ ဦးထဲကနေ သမ္မတကို ရွေးချယ်ကြရမှာပါ။ ဘယ်သူပဲ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်ဖြစ်စေ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာကတော့ သူပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က CNA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောသွားတာဖြစ်ပါတယ်။

“ကျမက အနိုင်ရပါတီရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် သမ္မတရဲ့အထက်ကနေ ဆုံးဖြတ်ချက်တွေ အားလုံးကို ချသွားမယ်ဆိုတာက သိပ်ကို ရိုးရှင်းတဲ့ကိစ္စပါ။ သမ္မတဆိုတာက အခြေခံဥပဒေရဲ့ လိုအပ်ချက်အရ ကျမတို့ ရွေးချယ်မယ့်သူတဦး ဖြစ်ပါတယ်။”

သမ္မတမှာ လုပ်ပိုင်ခွင့်အာဏာ ရှိမှာ မဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောပါတယ်။

“ဒါကို အသေအချာကို နားလည်ရပါမယ်။ သမ္မတမှာ ဘာလုပ်ပိုင်ခွင့်မှ ရှိမှာ မဟုတ်ပါဘူး။ သူဟာ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်ဆောင်ရမှာပါ။”

ဒီလိုလုပ်တာက အကောင်းဆုံးဖြစ်မယ်လို့ ဘာကြောင့်ယူဆတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“ဒါက လုပ်ဆောင်ရမယ့် တခုတည်းသော နည်းလမ်းပါ။ ဘာကြောင့်လဲဆို ဘယ်လို ဒီမိုကရေစီ နိုင်ငံမျိုးမှာမဆို အနိုင်ရ ပါတီခေါင်းဆောင်က အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်တာပါပဲ။ ဒီအခြေခံဥပဒေက ဒါကို ခွင့်မပြုဘူးဆိုရင် ဒီမိုကရေစီနည်းလမ်းအတိုင်း ရှေ့ဆက်လုပ်နိုင်အောင် အစီအစဉ်တွေ လုပ်ရပါမယ်။”

နိုင်ငံသမ္မတက လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုရင် ဒါဟာ အစိုးရရဲ့လုပ်ငန်းလုပ်ငန်းတွေကို ထိခိုက်လာနိုင်ဖွယ် မရှိပါဘူးလား ဆိုတဲ့အမေးအပေါ် ဒေါ်အောင်ဆန်းစုကြည်က မရှိပါဘူးတဲ့။

“အစိုးရရဲ့လုပ်ငန်းတွေကို ဘာကြောင့် သက်ရောက်ရမှာလဲ၊ အစိုးရတရပ်ရှိမယ်၊ စနစ်တကျ လည်ပတ် လုပ်ဆောင်မယ်။ သူ ဘာလုပ်နိုင်တယ်ဆိုတာ သမ္မတကို အတိအကျ ပြောသွားမှာပါ။”

ရွေးကောက်ပွဲက အခိုင်အမာ အနိုင်ရတာနဲ့အတူ ပါတီနဲ့ ပါတီဝင်တွေအပေါ် သူ့ရဲ့စီမံခန့်ခွဲပုံကိုကြည့်ပြီး အာဏာရှင်သဘောမျိုး အစိုးရကို ထိန်းချုပ် လုပ်ဆောင်သွားမှာလား ဆိုတာ စိုးရိမ်သူတွေ ရှိပါတယ်။

“လွယ်ကူတဲ့ အကြောင်းပြချက်နဲ့တော့ အာဏာရှင်အစိုးရတရပ် မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆို ကျမတို့ရဲ့ အင်အား က လူထုပါ၊ အဲဒါ အများပြည်သူပါ။ လူထုရဲ့ ထောက်ခံမှုကြောင့် ကျမတို့ ရပ်တည်နိုင်ခဲ့တာပါ။ လူထုထောက်ခံမှုပေါ် အားပြုတဲ့ အစိုးရမျိုးတွေဟာ ဘယ်တော့မှ အာဏာရှင် အစိုးရ မဖြစ်ပါဘူး။”

လွှတ်တော်အသီးသီးမှာ ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတဲ့ ၂၅% သော စစ်ဘက်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအပေါ် စိုးရိမ်ချက်တွေ ရှိနေတာကြောင့် ပူးပေါင်းလုပ်ဆောင်ဖို့ ဘယ်လိုရည်ရွယ်ထားသလဲဆိုတဲ့ မေးခွန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။

“စစ်ဘက်ပဲဖြစ်ဖြစ်၊ တခြားဘယ်အဖွဲ့ပဲ ဖြစ်ဖြစ်ပါ။ ပူးပေါင်းဆောင်ရွက်မှုဆိုတာက လုပ်သွားရမယ့်ကိစ္စတခုပါ။ ညတွင်း ချင်းတော့ မဖြစ်ပါဘူး။ အယူအဆအရသာမဟုတ်ဘဲ လုပ်ဆောင်ခြင်းအားဖြင့် တည်ဆောက်ဖို့ သင်ယူသွားရမှာပါ။ အခြေအနေ ကိုကျမတို့ ဘယ်လိုကိုင်တွယ်မယ်ဆိုတာ အခြေအနေ ဘယ်လိုဖြစ်ထွန်းပြောင်းလဲလာမယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒါက အတိအကျ စည်းကမ်းနည်းလမ်း သတ်မှတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ စစ်ဘက်ကယူထားတဲ့ ၂၅% ဟာ အချိန်နဲ့အမျှ မရှိရတော့ဘူးဆိုတာ NLD က တရားဝင် ပြောထားတာပါ။ ဘာကြောင့်လဲဆို ဒါက ဒီမိုကရေစီနည်းကျ လုပ်ဆောင်ပုံတွေနဲ့ မကိုက် ညီလို့ပါ။ ပြန်လည်သင့်မြတ်ရေး အကျိုးအတွက် ချဉ်းကပ်တဲ့နည်းလမ်းနဲ့ ညှိနှိုင်း လုပ်ဆောင်သွားမှာပါ။”

မိမိတို့ အစိုးရတရပ် ဖွဲ့စည်းပြီးတာနဲ့ စစ်ဘက်အနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားရပါမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်ခင်ဗျား။

XS
SM
MD
LG