သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး တိုင်းရင်းသားတွေနဲ့ ဒေါ်စုတွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တွင် တိုင်းရင်းသားပါတီအဖွဲ့များနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ၊ NLD)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တွင် တိုင်းရင်းသားပါတီအဖွဲ့များနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ၊ NLD)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ မဟာမိတ်တိုင်းရင်းသားပါတီအဖွဲ့အစည်းတွေ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးမှာတွေ့ဆုံခဲ့ကြပါတယ်။ တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ပုံမှန်တွေ့ဆုံမှုတွေ လုပ်သွားမှာဖြစ်ပြီး အဓိက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုင်းရင်းသားရေးရာကိစ္စတွေကို ရှေ့ဆက်ဆွေးနွေးသွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ စနေနေက ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပထမဆုံးအကြိမ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ မဟာမိတ်တိုင်းရင်းသားပါတီအဖွဲ့ ၁၃ ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဓိက ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနဲ့ တိုင်းရင်းသားရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗွီအိုအေကိုပြောပါတယ်။

"တိုင်းရင်းသားပါတီတွေနဲ့တွေ့တာက တိုင်းရင်းသားပါတီအရေးကိစ္စတွေနဲ့လည်း ပတ်သက်တယ်လေ၊ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် ဆိုလို့ရှိရင်လည်း ညှိနှိုင်းဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေအချင်းချင်း ပထမဆုံးစပြီး ညှိနှိုင်းတဲ့သဘောပဲရှိသေးတယ်ဗျ။"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး၊ ဦးဝင်းတင်အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တာဝန်ရှိသူတွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားတိုးတက်ရေးပါတီစတဲ့ မဟာမိတ်တိုင်းရင်းသားများအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး တိုင်းရင်းသားများရဲ့ ဆန္ဒသဘာထားတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
“ကမန်အမျိုးသား တိုးတက်ရေးပါတီ တက်ရောက်တယ်။ နောက်တစ်ခါ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် တက်ရောက်တယ်။ နောက်တခါ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တက်ရောက်တယ်၊ နောက် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တက်ရောက်တယ်။ နောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လည်း တက်ရောက်ပါတယ်ခင်ဗျ။ သူတို့ဆီက ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ဆီက ကိုယ်စားလှယ်တွေနဲ့ တပတ်တစ်ခါလောက်တွေ့ပြီးတော့ တိုင်းရင်းသားအရေးကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စတွေ ညှိနှိုင်းဆွေးနွေးဖို့ကို စပြီးတော့ အစီအစဉ်ဆွဲဖို့ တွေ့တာပါ။”

ရှေ့ဆက်ပြီးလည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူတွေ တွေ့ဆုံပြီး အဓိက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ဆွေးနွေးသွားကြဖို့ရှိတယ်လို့လည်း ဦးဝင်းမြင့်ကပြောပါတယ်။

“အခုဟာကတော့ တိုင်းရင်းသားတွေနဲ့ တွေ့တဲ့အခါမှာ ဒီနေ့ကတော့အစဆိုတော့ - နောက် ကျနော်တို့က တိုင်းရင်းသားပါတီတွေနဲ့ မှန်မှန်တွေ့သွားဖို့ပေါ့။ ပထမဦးဆုံးအကြိမ်ဆိုတော့ နောက်ကို တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ဆီက ကိုယ်စားလှယ်တွေနဲ့ မှန်မှန်ထိတွေ့ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးတာ အခုမှ စလာတာပဲ ရှိပါသေးတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်တွင်း မဝင်ခင်ကာလကတည်းကစပြီး ဒီမဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအချက်ဟာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ဝင်ရတဲ့ အဓိကရည်ရွယ်ချက်အဖြစ် ပြည်သူလူထုကို ကတိပေးပြောဆိုခဲ့တဲ့အချက်လည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၆ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီကိုဖွဲ့စည်းလိုက်ပြီးတဲ့နောက် ဥပဒေပညာရှင်တွေနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG