သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးနယ်ပယ်မှာ ကျား-မ တန်းတူရေး ဒေါ်စုဆွေးနွေး


ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျားမခွဲခြားတဲ့ ဥပဒေတွေကို ပြောင်းကိုပြောင်းရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နေပြည်တော်မှာ သောကြာနေ့ကကျင်းပတဲ့ “နိုင်ငံရေးမှာအမျိုးသမီးတွေရဲ့ ဦးဆောင်မှု” အလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာလွှတ်တော်တွင်း အမျိုးသမီးတွေရဲ့ အကျိုးစီးပွား တိုးမြှင့်ဖေါ်ဆောင်နိုင်ရေးဆွေးနွေးခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ဒီဆွေးနွေးပွဲမှာ NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေးနယ်ပယ်အတွင်း အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပြောသွားပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျား-မ မခွဲခြားပါဘူးလို့ ရေးသားထားပေမယ့် လက်တွေ့မှာ ခွဲခြားထားတဲ့အချက်တွေရှိနေတယ်လို့ သူကထောက်ပြပါတယ်။ လွှတ်တော်တွင်း ဥပဒေပြဌာန်းရေး မဲခွဲဆုံးဖြတ်တဲ့အခါမှာ၂၅ % ပါနေတဲ့ တပ်မတော်သားတွေထဲမှာ အမျိုးသမီးတွေမပါဝင်တဲ့အချက်က အထင်အရှားရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံ ပြောင်းကို ပြောင်းရမယ်။ ပြောတော့သာ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျား-မ မခွဲခြားဘူးလို့ဆိုတယ်၊ တချို့ ဥပဒေ ပုဒ်မတွေမှာ ကြည့်လိုက်လို့ရှိရင် ကျား-မ ခွဲခြားခြင်း ရှိနေတယ်။ တခြားမပြောနဲ့၊ စောစောက ကျမပြောသွားတဲ့အတိုင်းပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်လို့ရှိရင် ၇၅ % ကျော်ရမယ်။ ၇၅ % ရရမယ်ဆိုတော့ တပ်မတော်ကိုယ်စားလှယ်တွေက သဘောတူမှ ဖြစ်မယ်။ တပ်မတော် ကိုယ်စားလှယ်တွေ ထဲမှာ အမျိုးသမီး ဘယ်နှစ်ယောက် ပါသလဲ။ တစ်ယောက်မှ မပါဘူး။ အဲဒီတော့ အမျိုးသားတွေက ဆုံးဖြတ်ရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အဲဒါ ကျား-မ ခွဲခြားခြင်း မဟုတ်ဘူးလား၊ အဲဒီတော့ ကျမတို့ကို ဒီလို ကျား-မ ခွဲခြားခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက လက်မခံလို့ပါဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကို ပြင်ရမယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အတွင်းမှာကို ရှေ့နောက် မညီတဲ့ကိစ္စမို့လို့ဖြစ်ပါတယ်။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၄ % ပဲရှိနေတယ်လို့ ဆိုပါတယ်။

“လွှတ်တော်ထဲမှာဆိုလို့ရှိရင်လည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို နည်းတယ်ပေါ့။ ပါဝင်မှု ရာခိုင်နှုန်းကလည်း နည်းတယ်။ ပြင်ပ အခန်းကဏ္ဍကဆိုလို့ရှိရင်လည်း ဆုံးဖြတ်နိုင်တဲ့နေရာကို ရောက်လာတဲ့ အမျိုးသမီးတွေ ဆိုတာက အတော့ကို နည်းပါးတယ်။”

ဒါကြောင့် လွှတ်တော်တွင်း အမျိုးသမီးရေး ဥပဒေနဲ့ပတ်သက်လို့ ပြင်ဆင်ရေးဆွဲဖို့ ဆွေးနွေးတဲ့ကိစ္စတွေမှာဆိုရင်လည်း အခက်အခဲတွေ ရှိတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“အခက်အခဲဆိုတဲ့အခါကျတော့ ကျမတို့ ဒီနေ့ ဒီအချိန်မှာ ဥပဒေတွေ ပြင်ဆင်ရမှာတွေ ရှိတယ်။နောက်တခါကျတော့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ လတ်တလောဖြစ်ပျက်နေတဲ့ ပြဿနာရပ်တွေ ရှိတာပေါ့နော်။ အခုဆိုရင် ကလေးသူငယ် rape ကိစ္စတွေရှိမယ်။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေရှိမယ်။ ဒါတွေကို ကျမတို့ ပြင်ဆင်တော့မယ်ဆိုလို့ရှိရင် နည်းနည်းလေး ပြဿနာရှိနိုင်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသမီးအင်အားက အတော့ကိုနည်းတယ်ပေါ့နော်။”

အခုမြန်မာပြည်က လွှွတ်တော်ထဲမှာ အမျိုးသမီးတွေက ၄ % ပဲရှိနေပြီး အခြားနိုင်ငံတွေမှာတော့ လွှွတ်တော်ထဲကအမျိုးသမီးတွေ ၂၁ % အထိ ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။ ကဏ္ဍအသီးသီးမှာ မြန်မာအမျိုးသမီးတွေရဲ့ဦးဆောင်မှု တိုးမြှင့်နိုင်ဖို့ အစိုးရအပါအဝင် အားလုံး ဝိုင်းဝန်းကြိုးစားလုပ်ဆောင်ဖို့ လိုတယ်လို့ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။


“ကျား-မ တန်းတူ ဆိုတဲ့ gender issue တွေကလည်း အရမ်းကို မြင့်မားလာခဲ့တယ်။ အဲဒီလိုပဲ တကယ့်ကို အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသဖြင့် နေရာတွေမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်တဲ့အခန်းကဏ္ဍက ပါဝင်ဖို့လည်း အတော်လေးကို အဆင်သင့် ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ အဆင်သင့်ဖြစ်နေတဲ့ အမျိုးသမီးထုကို အားလုံးက ပူးပေါင်းပြီးတော့ အခန်းကဏ္ဍ တခုခုမှာ ဦးဆောင်နိုင်တဲ့နေရာမှာ ပါလာဖို့ဆိုတာ အစိုးရအနေနဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ သတ်မှတ်ပြီးတော့ ဆုံးဖြတ်နိုင်တဲ့နေရာရောက်ဖို့ အတွက်ကို ကြိုးစားစေချင်တယ်။ နောက်တစ်ချက်ကကျတော့လည်း အမျိုးသမီးတွေကိုယ်တိုင်လည်း အရင်တုန်းကအစွဲတွေ၊ ဓလေ့ ထုံးတမ်းတွေကို ခဏလောက်ထားပြီးတော့ ကျမတို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ တိုးမြင့်အောင်လို့ ဝိုင်းဝန်းပြီး ကြိုးစားဖို့ လိုတယ်လို့လည်း ကျမအနေနဲ့ မြင်ပါတယ်။”

ဆွေးနွေးပွဲမှာလည်း မြန်မာအမျိူးသမီးတွေနဲ့ ဒီခွဲခြားမှုတွေကို ကျော်လွှားပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်နဲ့ ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

“နိုင်ငံရေးမှာ အမျိူးသမီးတွေရဲ့ ဦးဆောင်မှု” အလုပ်ရုံဆွေးနွေးပွဲကို မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအပြင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ မွန်ဂိုးလီးယား၊ ပါကစ္စတန်၊ ဂျာမနီ၊ စပိန်၊ တောင်ကိုရီးယားက အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG