သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီဆိုက်ရောက်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ၊ ဂန္ဒီလေဆိပ်သို့ ဆိုက်ရောက်လာစဉ်။ (နိုဝင်ဘာလ ၁၃၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ၊ ဂန္ဒီလေဆိပ်သို့ ဆိုက်ရောက်လာစဉ်။ (နိုဝင်ဘာလ ၁၃၊ ၂၀၁၂)

အပြောင်းအလဲတွေလုပ်ဖို့ လုပ်ပိုင်ခွင့်အာဏာလိုအပ်တဲ့အတွက် လုပ်ချင်တဲ့အပြောင်းအလဲတွေ လုပ်နိုင်ဖို့ အာဏာလိုအပ်တယ်။ (ဒေါ်အောင်ဆန်းစုကြည်နှင့် The Hindu Press)

ဒီကနေ့မှာ အိန္ဒိယနိုင်ငံကို ရောက်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို အိန္ဒိယ နိုင်ငံခြားရေးဌာနက နိုင်ငံခြားရေးအတွင်းဝန် Mr. Ranjan Mathai လာရောက် ကြိုဆိုပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲ အိန္ဒိယ နိုင်ငံရောက် မြန်မာမိသားစုတွေ ကလည်း လေဆိပ်မှာ သွားရောက် စောင့်ကြိုခဲ့ကြတယ်လို့ ပြောပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ်အပါအဝင် အစိုးရခေါင်းဆောင်ပိုင်းနဲ့ တော့ ဒေါ်အောင်ဆန်းစုကြည် နက်ဖြန်မှာ စတင်တွေ့ဆုံမှာဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

ဒီကနေ့ New Delhi မြို့တော်ကို ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်က သွားရောက်ကြိုဆိုခဲ့ပါတယ်။ မြန်မာသံရုံးက တာဝန်ရှိသူတွေလည်း သွားရောက်ကြို ဆိုကြတယ်လို့ လေဆိပ်အပြင်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် နှုတ်ဆက် ကြိုဆိုခဲ့တဲ့ မသင်းသင်းအောင်က VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“အိန္ဒိယနိုင်ငံခြားရေးဌာနက နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရတ်ဂျဲန်မာတီကနေပြီးတော့ လာကြိုတာပါ။ မြန်မာသံရုံးကလည်း လာတယ်ပေါ့နော်။ မြန်မာသံရုံးကားတွေက ကြိုရောက်နေတယ်။ သူတို့ကတော့ မြန်မာသံအမတ်လာတယ်လို့တော့ ပြောတယ်။ မြန်မာသံအမတ်က အထဲမှာ VIP အခန်းမှာ၊ လေဆိပ်ထဲမှာ လာပြီးတော့ နှုတ်ဆက်တယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အပြင်မှာတော့ သံအမတ်ကို မတွေ့လိုက်ရပါဘူး။”

သံရုံးကားတွေ ဝင်သွားတာတော့ ဟုတ်တယ်ပေါ့။

“ဟုတ်တယ်၊ သံရုံးကားတွေ လာတာတော့ တွေ့တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရောက်လာတဲ့အတွက် လေဆိပ်မှာ လုံခြုံရေး အတင်းအကြပ်ချထားတဲ့ကြားက ပဲ အိန္ဒိယရောက် မြန်မာမိသားစုတွေကလည်း လေဆိပ်အပြင်ကနေ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

“လုံခြုံရေးတွေက ဂိတ်အနားကို ပေးပြီးတော့မှ မလာရဘူး၊ သူတို့က ပြောတာ က ဒေါ်အောင်ဆန်း စုကြည်က လူအများထွက်တဲ့အပေါက်က မထွက်ဘူး၊ တကယ့်ကို နိုင်ငံခြား ခေါင်းဆောင်တွေလာတဲ့ VIP ပေါက်ကပဲ ထွက်တယ်။ လုံခြုံရေးအရမ်းကြပ် တယ်။ နောက် ပုလိပ်တွေရော၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက လုံခြုံရေးတွေရော အကုန်လုံး ရှိတာပေါ့နော်။ ကျမတို့ လူတွေကတော့ ကားလမ်း တဖက်ခြမ်းမှာပဲ ခပ်လှမ်းလှမ်းက ရပ်နေရပြီး ကြိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ထွက်လာတဲ့ အချိန်မှာ ကြိုတဲ့သူတွေကလည်း ကားပေါ် မတက်ခင်ပေါ့- အန်တီစု ထွက်လာတာနဲ့ ကျန်းမာ ပါစေ-လို့ အော်ကြတော့ ဒေါ်အောင် ဆန်းစုကြည် ကလည်း ကြားသွားတယ်။ ကားက တဖြည်းဖြည်းနဲ့ ဘီးလှိမ့်ပြီးတော့ ကျမတို့ရှေ့က ဖြတ်သွားတဲ့ အချိန်မှာ ကားထဲကနေ ပြုံးပြပြီးတော့မှ လက်ကိုဝှေ့ယမ်းပြီးတော့မှ နှုတ်ဆက်သွားတယ်။”

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို ရောက်လာတဲ့ဒီနေ့ဟာ ဒေဝါလီပွဲတော်နေ့ဖြစ်တာမို့ ဒီနေ့မှာတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိပါဘူး။ အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ထားတဲ့ သူ့ခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်ကြေညာချက်အရဆိုရင် မနက်ဖြန်က စပြီး ဝန်ကြီးချုပ် Manmohan Singh အပါအဝင် အစိုးရပိုင်းနဲ့ တေ့ွဆုံမှာဖြစ်ပါတယ်။ အစီအစဉ်အသေးစိတ်နဲ့သက်လို့ New Delhi ကနေ ဒေါက်တာတင့်ဆွေက ခုလို ပြောပြပါတယ်။

“နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၈ နာရီ၊ ၅၀ မှာ မဟတ္တမဂန္ဒီ ဂူဗိမာန်မှာ အမှတ်တရ ပန်းစည်းချမယ်ပေါ့နော်။ နောက် အဲဒီနေ့ ၉ နာရီ၊ ၁၀ မိနစ်မှာ နေရူးအောက်မေ့ဖွယ်နေရာမှာ ပန်းစည်းပို့မယ့် အစီအစဉ်ရှိပါတယ်။ ဆယ်နာရီခွဲကျတော့ နိုင်ငံခြားရေးအတွင်းဝန်နဲ့ တွေ့မယ်ခင်ဗျ။ ၁၂ နာရီခွဲကျတော့ ဝန်ကြီးချုပ် မက်မိုဟန် ဆင်းဂ်နဲ့ တွေ့ပါလိမ့်မယ်။ ညနေ ၆ နာရီကျတော့ နေရူးအောက်မေ့ဖွယ်လက်ချာကို Vigyan Bhavan မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမှာပါ။”

နိုဝင်ဘာလ ၁၅ ရက်နေ့ ကြာသပတေးနေ့ကျရင်တော့ ဒုတိယသမ္မတ Mohammad Hamid Ansari နဲ့ တေ့ွဆုံဖို့ အစီအစဉ်ရှိသလို အောက် လွှတ်တော် Lok Sabha ဥက္ကဋ္ဌ Meira Kumar နဲ့ တွေ့ ဆုံမှာဖြစ်ပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို လာရောက်တဲ့ အပေါ် လက်ရှိအာဏာရ Congress ပါတီပြောခွင့်ရသူ Rashid Alvi က ကြိုဆိုပြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုကရေစီ င်္သကေတ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူတယောက်ဖြစ်ပါတယ်။ သူ့အတွက် ကျနော်တို့ အကောင်းဆုံး ဆုတွေ တောင်းပေးပါတယ်”-လို့ ပြောသွားတာဖြစ်ပါတယ်။

တကယ်တော့ အိန္ဒိယ နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအတွက် တချိန်က အစွမ်းကုန် အားပေးထောက်ခံခဲ့ တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ အရှေ့မျှော်မူဝါဒအရ စစ်အစိုးရအုပ်ချုပ် တဲ့ မြန် မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်အောင်ကြိုးစားခဲ့တဲ့အတွက် ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီခေါင်းဆောင် တယောက်အဖြစ် ဖော်ပြခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာကို အိန္ဒိယ သတင်း မီဒီယာတွေမှာလည်း အထူးစိတ်ဝင်တစားရှိနေကြပါတယ်။ The Hindu သတင်းစာမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လတ်တလော သီးသန့် မေးမြန်းချက်ကို အကျယ်တဝင့်ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ပြည်သူတွေနဲ့ မြန်မာပြည်သူတွေကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိစေချင်တဲ့အကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ မြင်ရတဲ့အတိုင်း အိန္ဒိယ အစိုးရ ဟာ တခါတရံမှာ အတိုက်အခံနဲ့ လက်ရှိအစိုးရကြား ရွေးချယ်ဆက်ဆံရ တာကို နားလည်တဲ့ အကြောင်းတွေကို ပြောထားသလို မြန်မာနိုင်ငံမှာ ပြည်နယ် အစိုးရတွေ လုပ်ပိုင်ခွင့်အာဏာ တကယ် တမ်းမရှိဘဲ ဗဟိုအစိုးရကသာ အဓိက အုပ်ချုပ်နေဆဲဖြစ်တာမို့ ဒီမိုကရေစီတန်ဖိုးနဲ့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ သဟဇာတဖြစ်အောင် အထောက်အကူ မပြုဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က the Hindu သတင်းစာ သတင်းထောက်ရဲ့ အမေးတွေ ကို ဖြေထားပါတယ်။

အပြောင်းအလဲတွေလုပ်တဲ့နေရာမှာ လုပ်ပိုင်ခွင့်အာဏာလိုအပ်တဲ့အတွက် လုပ်ချင်တဲ့ အပြောင်းအလဲတွေ လုပ်နိုင်ဖို့လည်း အာဏာလိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က The Hindu သတင်းစာမှာ သီးသန့် ဖော်ပြထားပါတယ်ရှင်။
XS
SM
MD
LG