သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမား ဒီကနေ့ တွေ့ဆုံမည်။


အမေရိကန်ပြည်ထောင်စုမှာရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဘရတ်ခ် အိုဘားမားက ဒီကနေ့ ငါးနာရီမှာ သမ္မတအိမ်ဖြူတော်မှာ သီးခြားတွေ့ဆုံမယ်လို့
အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေး၊ ကာနေလ်က ပြောကြားသွားပါတယ်။ အခုလို တွေ့ဆုံမှုဟာ သမ္မတအိုဘားမား အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးမှုကို ဖော်ဆောင်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့လည်း ဂျေး၊ ကာနေလ်က ပြောပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်ကနေ ဗွီအိုအေမြန်မာပိုင်းကို အတည်ပြု ပြောဆိုပါတယ်။

ဒေါ်အောင် ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ် ဆုကို လက်ခံရယူမှာပါ။ အဲဒီဆုပေးပွဲအခမ်းအနားကို သမ္မတဟောင်းကတော် လော်ရာဘုရှ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့လည်း တက်ရောက်ကြပါလိမ့်မယ်။

ဒီကွန်ဂရက်စ်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုဟာ အရပ်သားတွေကို ချီးမြှင့်တဲ့ဆုတွေထဲမှာ အမြင့်ဆုံးဆု ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတဲ့အချိန်အတွင်း အဲဒီရွှေတံဆိပ်ဆုကို ကွန်ဂရက်စ်လွှတ်တော်က ချီးမြှင့်ထားတာဖြစ်ပြီး ကွန်ဂရက်စ်လွှတ်တော် အဆောက်အဦးအတွင်းမှာ ဒီကနေ့ ကျင်းပမယ့် အခမ်းအနားအတွင်း လက်ခံရယူမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို အမေရိကန်ရဲ့ အဓိကပါတီကြီး နှစ်ခုစလုံးက ထောက်ခံထားတာဖြစ်ပြီး အမေရိကန် လွှတ်တော် အမတ်တွေနဲ့လည်း ဒီကနေ့မှာ တွေ့ဆုံဖို့ ခန့်မှန်းထားပါတယ်။

အင်္ဂါနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေထဲက တချို့ကို ဖြေလျှော့ပေးထားပြီးပြီဖြစ်ပြီး ကျန်နေသေးတဲ့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဖို့ကိုလည်း အပြည့်အဝ ထောက်ခံပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
XS
SM
MD
LG