သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် Congressional Gold Medal ဆု ယူမည်


ဒီနေ့ စက်တင်ဘာလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က အမေရိကန် ကွန်ဂရက်စ်လွှတ်တော်မှာ အမေရိကန် ကွန်ဂရက်စ်လွှတ်တော်က ၂၀၀၈ ခုနှစ်ကတည်းက ပေးအပ်ထားခဲ့တဲ့ Congrerssional Gold Medal အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုကို ကိုယ်တိုင် တက်ရောက် လက်ခံရယူဖို့ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေဟာ နောက်ကြောင်း ပြန်မလှည့်နိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးမှာ မဟုတ်ပေမဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေအပေါ်မှာ အခုထိတော့ ကျေနပ် ပါတယ်လို့ ဗွီအိုအေကို ပြောပါ တယ်။ ဝါရှင်တန်ဒီစီက ဗွီအိုအေဌာနချုပ်ကို အင်္ဂါနေ့မှာ လာရောက် လည်ပတ်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန်နိုင်ငံခြားရေးဌာန ဗွီအိုအေ သတင်းထောက် Scott Sterns က ဗွီအိုအေ စတူဒီယိုမှာ တွေ့ ဆုံမေးမြန်းစဉ် အဲလို ပြောခဲ့တာပါ။ အပြည့်အစုံကို မအေးသန္တာကျော်က ဆက်ပြီး တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ (၂)နှစ်အတွင်းမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်တဲ့နှုန်းက အင်မတန် မှ ထူးခြားတယ်လို့ ပြောရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတာက အစ သူလွှတ်တော်မှာ နေရာရလာတာ မြန်မာအစိုးရ အပေါ် အရေးယူပိတ်ဆို့မှု အများစုကို ပယ်ဖျက်ပေးလိုက်တာနဲ့ ဒီသတင်းပတ်အတွင်း နိုင်ငံရေးအကျဉ်းသား (၉၉) ယောက်ကို လွှတ်ပေးတာအဆုံး အဖြစ်အပျက်တွေက ဟိုးအရင်က မျှော်လင့်လို့မရနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေပါ။ ဒါပေမယ့် ပြောင်းလဲမှုအတွက် စစ်တပ်က အပြည့်အဝ လုပ်ဆောင်မပေးဘဲ နဲ့တော့ မြန်မာနိုင်ငံ ရဲ့ ပြောင်းလဲမှုက နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် စစ်တပ်က လိုအပ်တယ်ထင်ရင် အစိုးရအဖွဲ့တခုလုံးကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီအရေးလုပ်ငန်းစဉ်ကို စစ်တပ်က တစိုက်မတ်မတ်နဲ့ သေသေချာချာ ထောက်ခံမှုပေးတာ တွေ့ရတော့မှ ဒီလုပ်ငန်းစဉ် နောက် ကြောင်းပြန်မလှည့်နိုင်တော့ဘူးလို့ ပြောရပါမယ်။ ဒါပေမဲ့ နောက်ကြောင်းပြန်လှည့် သွားမလားဆိုပြီးတော့ အရမ်းကြောက်နေဖို့လည်း မလိုဘူးလို့ ကျမထင်ပါတယ်။”

“အရေးယူပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ထိခိုက်ကြတယ်လို့ ပြေကြတာတွေ အများကြီးရှိပါတယ်။ ကျမကတော့ အဲဒီလို မမြင် ပါဘူး။ ဥပမာ- နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရဲ့ အစီရင်ခံစာတွေကို ကြည့်ရင် တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေး အရ ရိုက်ခတ်မှု သိပ်မကြီးဘူးလို့ ပြောထားတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ ရိုက်ခတ်မှုကတော့ ပြင်းထန်တယ်လို့ ကျမ ထင်ပါတယ်။ အဲဒါက ကျမတို့ရဲ့ ဒီမိုကရေစီအရေး တိုက်ပွဲကို အထောက်အကူဖြစ်ခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အဖြစ်နဲ့ နှစ်ပေါင်းနှစ်ဆယ် နီးပါး အကျဉ်းချခံထားရတာ ဖြစ်ပါတယ်။ အဲလို အကျဉ်းကျနေစဉ် ကာလတလျှောက်လုံးမှာလည်း သူဟာ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေတာ ဖြစ်တယ်လို့ ကိုယ့်ဖာသာကိုယ် ယုံကြည် ထားခဲ့ပြီး အဲဒီလမ်းကြောင်းအတိုင်းပဲ ဆက်လျှောက်သွားဖို့လည်း သေချာ ပြင်ဆင်ထားခဲ့ တယ်လို့ ဆိုပါတယ်။ သူ့ကို လေးစားတဲ့ တခြားနိုင်ငံက လူတွေလည်း သူ့လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ဘာလုပ်သင့်လဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုမျိုး အကြံပေးသွား ခဲ့ပါတယ်။

“ပထမဆုံး ကျမပြောချင်တာက မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ကြဖို့ပါ။ ဒါပေမဲ့ တပြိုင်တည်းမှာပဲ တကယ်ကြိုးပမ်းလုပ်ဆောင်မှု မပါဘဲ မျှော်လင့်နေရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုလည်း သတိပေးချင်ပါတယ်။ ကိုယ်တိုင် လုပ်ဆောင်ကြရပါမယ်။ အားထုတ် ကြိုးပမ်းကြရပါမယ်။ ထိုင်နေပြီး မျှော်လင့်နေရုံနဲ့ မပြီးပါဘူး။ ကိုယ့်မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာဖို့ ကိုယ်တိုင် လုပ်ယူရပါမယ်။”

နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် ရောက်ရှိ လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇၇၆ ခုနှစ်မှာ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ဗိုလ်ချုပ်ကြီး ဂျော့ချ်၊ ဝါရှင်တန်ကို ချီးမြှင့်ခဲ့တဲ့ ဒီ Congressional Gold Medal လွှတ်တော်က ပေးအပ်တဲ့ အရပ်ဘက်ဆိုင်ရာအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် သုံးနာရီကျော်မှာ လက်ခံရယူမှာ ဖြစ်ပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ ဝင်စတန် ချာချီနဲ့ တိုနီဘလဲယ်၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မဲန်ဒဲလား၊ ကွယ်လွန်သူ ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်တို့လည်း ဒီဆုကို ရရှိခဲ့ကြဖူးပါတယ်။
XS
SM
MD
LG