သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာ စော်ကားမှုနဲ့ နိုင်ငံခြားသားနဲ့ မြန်မာများဖမ်းဆီးထား


MYANMAR-RELIGION-BUDDHISM-FESTIVAL
MYANMAR-RELIGION-BUDDHISM-FESTIVAL

မြန်မာနိုင်ငံမှာ အဓိကကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို စော်ကားတယ်ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူး ဖန်တီးမှုနဲ့ ဆွစ်ဇာလန်နိုင်ငံသားတဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဒီကနေ့ စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒစ်ဒီရာ နက်စ်ဘာမယ် Didier Nusbaumer နဲ့အတူ မြန်မာနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာ့အလင်းသတင်းစာအပါအဝင် စစ်ကောင်စီ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာပါ။

ဖမ်းခံရသူတွေထဲမှာ ၁၂ အရွယ် ကလေးမလေးတဦးလည်း ပါဝင်တာပါ။ ထေရဝါရဗုဒ္ဓဘာသာကို လူအများစု ကိုးကွယ်ယုံကြည်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို စော်ကားမှုက ပြစ်ဒဏ်သင့်နိုင်ပြီး အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အယူဝါဒစွဲတွေ အခုနှစ်ပိုင်းတွေအတွင်း ပိုမြင့်မားလာနေတာပါ။

တစ်တော့နဲ့ ဖေ့ဘုတ် အပါအဝင် လူမှုကွန်ယက်စာမျက်နှာတချို့မှာ ပျံ့နှံ့နေတဲ့ တနာရီကျော်ကျော်စာ ရုပ်သံဇာတ်လမ်းက ဘာမှမမျှော်လင့်ပါနဲ့လို့ နာမည်ပေးထားပြီး YouTube ဗွီဒီယို စာမျက်နှာမှာ ဇူလိုင် ၂၄ ရက်နေ့က ပထမဆုံး တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ပါဝင်ထားသူတွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတွေကို ထိခိုက်စေပြီး သံဃာတော်တွေရဲ့ အကျင့်သီလကို ပုတ်ခတ်စော်ကားတဲ့ စကားလုံးတွေ အပြုအမူတွေနဲ့ သရုပ်ဆောင်ထားတဲ့အတွက် အခုလို အရေးယူရတာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးထားသူတွေကို ဘယ်မှာ ချုပ်နှောင်ထားလဲဆိုတာတော့ မဖော်ပြထားပါဘူး။ မြန်မာနိုင်ငံမှာ ဘာသာရေးစော်ကားမှုနဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတာမျိုးက ဒါပထမဆုံးအကြိမ်မဟုတ်ပဲ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ စစ်အရာရှိများကနေ အရပ်ဝတ်လဲအစိုးရ အုပ်ချုပ်တဲ့ကာလ ၂၀၁၅ မှာ တခါ၊ နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထပ် ၂၀၁၆ မှာ ၂ ခါ ဗုဒ္ဓဘာသာကို စော်ကားမှုနဲ့ နိုင်ငံခြားသားတွေ အပြစ်ပေးခံခဲ့ရပါတယ်။

XS
SM
MD
LG