ဆီးရီးယားနိုင်ငံက လာတဲ့ လူ ၂ ဦးကို အကြမ်းဖက်မှု ပြုလုပ်မယ့် သံသယရှိခံရသူတွေအဖြစ် ဖမ်းဆီးထားတယ်လို့ ဆွစ်အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။
သောကြာနေ့က ဂျနီဗာမြို့မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ အဆိပ်ဓာတ်ငွေ့တွေ ပြုလုပ်တာ၊ သိမ်းဆည်းတာနဲ့ သယ်ယူပို့ဆောင်တာတွေ ပြုလုပ်ခဲ့တယ်လို့ သံသယရှိခံရတဲ့ လူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဆွစ်ဇာလန်ရှေ့နေချုပ်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
Al Qaida နဲ့ IS စစ်သွေးကြွတွေလို အကြမ်းဖက်အဖွဲ့တွေကို တားမြစ်ထားတဲ့ ဥပဒေအရ အဲဒီ သံသယရှိခံရသူ ၂ ဦးကို ရာဇဝတ်ကြောင်းအရ စွဲဆိုသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
သံသယရှိခံရသူ ၂ ဦးကို ဖမ်းဆီးချိန်မှာ သူတို့ရဲ့ ကားထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အစအနတွေ တွေ့ခဲ့ရတယ်လို့ ဆွစ်သတင်းတွေမှာ ဖော်ပြပါတယ်။
ဂျနီဗာဒေသက အာဏာပိုင်တွေဟာ IS အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ ဂျီဟတ်ဝါဒီလို့ သံသယရှိခံရသူ ၄ ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သောကြာနေ့က ဖမ်းထားသူတွေဟာ အဲဒီရှာဖွေမှုနဲ့ ဆက်နွယ်မှု ရှိ မရှိ မသိရသေးပါဘူး။