သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတုလက်နက်သုံးစွဲမှု ရုရှားကို ကန်အပြစ်တင်


ရုရှား အစိုးရ အနေနဲ့ ဆီးရီးယား အစိုးရ အပေါ် အကြွင်းမဲ့ ထောက်ခံနေမှုကို ချက်ချင်းရပ်ပြီး ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ နောက်ထပ် မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံ ဒူးမားမြို့က ဆေးရုံကို ပစ်မှတ်ထားပြီး ဧပြီလ ၇ ရက်နေ့က ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုလို့ စွပ်စွဲထားတဲ့ သတင်းတွေ အပေါ် အမေရိကန် ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဆီးရီးယား အစိုးရကို ရုရှားဘက်က လုံး၀ ထောက်ခံထားတာကြောင့် များပြားလှတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ဆီးရီးယား နိုင်ငံတွင်းက အကာအကွယ် အမဲ့ဆုံး လူမှုအသိုင်းအဝိုင်းတွေ ဓာတုလက်နက် အဆိပ်သင့်မှုတွေ အတွက် တာဝန်ခံတဲ့ သဘောဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Ghouta အရှေ့ပိုင်း ဒေသက သူပုန်တို့ နောက်ဆုံး ထိန်းချုပ်ထားရာ မြို့ကို ဆီးရီးယား အစိုးရက ဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာနဲ့ အတူ မနေ့ စနေနေ့ကတော့ အစိုးရ တပ်ဖွဲ့တွေက ဓာတု အဆိပ်ဓာတ်ငွေ့ ပါတဲ့ အဆင့်ဆင့် ပေါက်ကွဲတဲ့ စည်ပိုင်းဗုံးတွေ ကျဲချခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးရတယ်လို့ သူပုန်တို့က စွပ်စွဲ ပြောဆိုထားပါတယ်။ မြို့တော် Damascus အနီးက ဒူးမားမြို့ပေါ်ကို အစိုးရတပ်တွေက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သူပုန်တို့ရဲ့ စွပ်စွဲချက် အပေါ် ဆီးရီးယား နိုင်ငံပိုင် မီဒီယာက ငြင်းဆိုထားပါတယ်

မနေ့ စနေနေ့က ဒူးမားမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ကုသရေးအဖွဲ့ ဆီးရီးယား အမေရိကန် ကုသရေးအဖွဲ့ SAMS နဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့က ပြောဆိုထားပါတယ်။ ဒူးမားမြို့က ဆေးရုံပေါ်ကို ကလိုရင်း အဆိပ်ဗုံး ထိမှန်ခဲ့တယ်လို့ SAMS အဖွဲ့က ပြောဆိုထားပေမယ့်လည်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ ညွန်ကြားရေးမှူးကတော့ ဓာတုလက်နက် အသုံးပြုမှုကို အတည်မပြုနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG