သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လည်သင့်မြတ်ရေး ညီလာခံခေါ်ဖို့ ဆီးရီးယားသမ္မတ ကြေညာ


ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad)။
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad)။
ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) က တနင်္ဂနွေနေ့မှာ ရှားရှားပါးပါး လူထုကို မိန့်ခွန်းပြောခဲ့ပြီး ပြည်တွင်းစစ် အတွက် နိုင်ငံရေး အဖြေရှာကြဖို့ တောင်းဆိုလိုက်သလို အတိုက်အခံ တပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေလို့ ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။

ဒါဟာ ဇွန်လနောက်ပိုင်း နိုင်ငံတော်ကို ပထမဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားတာ ဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲတွေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအသစ် ချမှတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ တစိတ်တဒေသဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ ပြင်ဆင်နေတယ်လို့ ဒမတ်စကက် (Damascus) မြို့က ခန်းမမှာ သူ့ကို သစ္စာစောင့်သိတဲ့ ပရိသတ်ကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတွေမှာ ဆီးရီးယား နိုင်ငံကို သစ္စာဖောက်သူ ဘယ်သူမှမပါစေရဘူးလို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံဟာ သူ့ရန်သူတွေနဲ့ စစ်ဖြစ်နေကြောင်း ပြောခဲ့ပေမဲ့ တော်လှန်ရေးတရပ်နဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူပုန်တွေကို အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေ အဖြစ် သူပြောနေကျ အတိုင်း မစ္စတာ အာဆတ်က ပြောကြားခဲ့ပြီး သူတို့ဟာ နိုင်ငံကို အစိတ်စိတ်အမွှာမွှာ ကွဲအောင် လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်ပရောက် ဆီးရီးယား အတိုက်အခံတွေကိုလည်း အနောက်နိုင်ငံတွေရဲ့ ရုပ်သေးရုပ်တွေလို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ ဗစ်တိုးရီးယားနျူလန် (Victoria Nuland) ကတော့ မစ္စတာအာဆတ်ရဲ့ ပြန်လည်သွေးစည်းရေး ဆွေးနွေးပွဲဟာ အမှန်နဲ့ ကင်းကွာနေပြီး အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ နောက်တချီ ကျိုးစားနေတာလို့ ပြောလိုက်သလို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ကလည်း ဆီးရီးယားသမ္မတဟာ ပြန်လည် ပြုပြင်ပြောင်းလဲရေး အတွက် အနှစ်မပါတဲ့ ကတိတွေပေးနေပြီး ဒါကိုဘယ်သူကမှ ယုံမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံခြားရေး ဝန်ကြီး ကလည်း ဆီးရီးယား သမ္မတမှာ အနာဂါတ်အတွက် အစီအစဉ်မရှိဘဲ အတိုက်အခံတွေ ရှိနေတယ် ဆိုတာကို လက်မခံတဲ့အတွက် တိုးတက်မှုတွေ့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ဝင်တွေ ကတော့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေတခု အဖြစ် မစ္စတာ အာဆတ် အာဏာစွန့်ဖို့ တောင်းဆိုနေပါတယ်။
XS
SM
MD
LG