ဆီးရီးယားနိုင်ငံမှာ လုံခြုံရေး အခြေအနေပိုမို ဆိုးရွားလာတဲ့အတွက် ဒမက်စကတ်မြို့မှာ ရှိတဲ့ အမေရိကန် သံရုံးကို ပိတ်ပစ်လိုက်ပြီး ကျန်ရှိနေတဲ့ သံတမန်တွေကို ပြန်လည် ခေါ်ယူလိုက်ပါပြီ။
ဒမက်စကတ်မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးက အလုပ်တွေကို ရပ်ဆိုင်းလိုက်ပြီး သံအမတ်ကြီး ရောဘတ်ဖို့ နဲ့ တခြား သံတမန်တွေလည်း ဆီးရီးယား နိုင်ငံက ထွက်ခွာခဲ့ကြပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
ဒမက်စကတ်မြို့မှာ မကြာသေးခင်က ကားဗုံးကွဲမှု ဖြစ်ပွားခဲ့တာကြောင့်နဲ့ သံတမန်တွေရဲ့ လုံခြုံရေး စိတ်မချရတာရယ်၊ ဆီးရီးယား အစိုးရက လုံခြုံရေး စိတ်ချရအောင် မကိုင်တွယ်မချင်း အမေရိကန်သံရုံးကို ပိတ်ပစ်မယ်လို့ သတိပေးထားပြီး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုက ဒီလို သံရုံးကို ပိတ်ပစ်ခဲ့တာကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို သွေးထွက်သံယိုဖြစ်တဲ့အထိ နှိပ်ကွပ်နေတဲ့ သမ္မတ အာဆဒ် အစိုးရအတွက်ကတော့ ပိုပြီး အထီးကျန်စေမှာ ဖြစ်ပါတယ်။
ဆီးရီးယားမြို့ကြီးတွေမှာလည်း ဆန္ဒပြသူတွေကို ဆက်လက် နှိပ်ကွပ်နေဆဲပါ။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဇွဲမလျှော့ဘဲ ဆက်လက် ဆင်နွှဲနေတဲ့ ဟုမ်းစ် (Homs) မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ ယနေ့ ၂၄ ထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ကြတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။