ဆီးရီးယား အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့နဲ့ နိုင်ငံတကာရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဖြန့်ဝေခွင့်ပြုရေး တောင်းဆိုမှုတွေ လုပ်ဖို့အတွက် တူနီးရှားနိုင်ငံမှာ စုဝေးနေကြတဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ပြင်ဆင်နေပါတယ်။ ဒီကနေ့ ဆီးရီးယား ပြည်သူတွေရဲ့ မိတ်ဆွေများအဖွဲ့ အစည်းအဝေးမှာ တင်ပြဖို့ရှိတဲ့ ကြေညာချက် မူကြမ်းထဲမှာ ဆီးရီးယား သမ္မတ ဘက်ရှာ အယ်လ်အာဆဒ်ကို ၁၁ လကြာ လူထုဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ သံတမန်တွေက တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ရသလို ဒါမှသာ ၄၈ နာရီအတွင်း ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေခွင့်ရမှာ ဖြစ်ပါတယ်။
အတိုက်အခံ ဆန္ဒပြသူတွေရဲ့အချက်အချာနေရာတွေကို ဝန်းရံထားတဲ့ သမ္မတ အာဆဒ် လိုလားတဲ့ တပ်ဖွဲ့တွေက သီတင်းပတ် သုံးပတ်နီးပါး အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ဆီးရီးယားရဲ့ အချက်အချာကျတဲ့ ဟုမ်းစ် မြို့က ဒေသခံပြည်သူတွေ အတွက် အစားအစာ၊ ရေ နဲ့ ဆေးဝါးထောက်ကူ ပစ္စည်းတွေဟာ စိုးရိမ်ရတဲ့ အခြေအနေအထိ နည်းပါးလာနေတာ ဖြစ်ပါတယ်။ ဆီးရီးယားရဲ့ မိတ်ဆွေများအဖွဲ့ က ဆီးရီးယား အစိုးရအပေါ် အတိအကျ မသတ်မှတ်ရသေးတဲ့ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်သွားဖို့ သန္နိဌာန် ချထားတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ဆီးရီးယားကနေ ရေနံဝယ်ယူသူတွေအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်တာ၊ ဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ ပါဝင်မှာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၇၀ ကျော်က အစိုးရ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ တူနီးရှားနိုင်ငံက စုဝေးမှုကို တက်ရောက်ကြမှာဖြစ်ပြီး ဒီအထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်း ပါဝင်ပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကတော့ ကျူးနစ်မြို့က ဒီ အစည်းအဝေးကို သူတို့ တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို လုံခြုံရေး ကောင်စီအနေနဲ့ ဝင်ရောက် စွက်ဖက်တာ မလုပ်သင့်ဘူးလို့ သူတို့က ဆိုပြီး ဆီးရီးယား အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် ဟန့်တားခဲ့တဲ့ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်ပါတယ်။