သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာကူညီရေးအဖွဲ့တွေကို ဆီးရီးယား တားမြစ်


ဆီးရီးယားနိုင်ငံရဲ့ အချက်အချာမြို့ဖြစ်တဲ့ ဟုမ်းစ်မြို့ရဲ့ ရပ်ကွက် တော်တော်များများကို အစိုးရတပ်ဖွဲ့ဝင်တွေက စနေနေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် ဒေသတွင်းမှာ ပိတ်မိနေသူတွေကို ဆေးဝါးနဲ့ အစားအစာ ဖြန့်ဝေပေးဖို့ ကြိုးစားနေတဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေနဲ့ အာဏာပိုင်တွေကြားမှာ မပြေလည်မှုတွေ ဖြစ်နေပါတယ်။

သမ္မတ ဘာရှာအယ်လ်အာဆဒ်ရဲ့ သစ္စာခံအဖွဲ့တွေက ဟုမ်းစ်မြို့တွင်းက အနည်းဆုံးနေရာ လေးနေရာကို မော်တာတွေနဲ့ ပစ်ခတ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဒဏ်ရာရသူ အရေအတွက် ဘယ်လောက် ရှိသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ အဲဒီလို မြို့ထဲမှာ ပိတ်မိနေသူတွေအတွက် လူသားချင်းစာနာတဲ့ ကူညီမှုပေးမယ် လုပ်သားတွေ ဝင်ရောက် ကူညီခွင့် ရရှိရေး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆီးရီးယား နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

သတ်ဖြတ်မှုတွေ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ရထားတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်တဲ့ ဟုမ်းစ်မြို့အတွင်း Baba Amr အရပ်ကို ဆေးဝါးနဲ့ လူသားချင်းစာနာတဲ့ အကူအညီ အထောက်အပံ့တွေ ပေးရာမှာ ပိတ်ပင်ခံနေရတယ်လို့ ICRC ခေါ် နိုင်ငံတကာ ကြက်ခြေနီအသင်းက ပြောပြီးတဲ့နောက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခုလို မှတ်ချက်ပေး ပြောဆိုသွားတာပါ။

လက်ရှိ ဆီးရီးယား နိုင်ငံရဲ့ အခြေအနေဟာ ပြည်တွင်းစစ်ဖြစ်မယ့် အန္တရာယ် အလားအလာ ကျရောက်နေပြီလို့လည်း အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။ သွေးထွက်သံယိုမှုတွေကို အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာ အနေနဲ့ ညီညီညွတ်ညွတ် အရေးတကြီး တုံ့ပြန် ကိုင်တွယ်သွားရမယ်လို့လည် မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG