သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဗုံးကွဲမှု ၂၇ သေဆုံး


ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်ဒကတ်မှာ ဒီကနေ့ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားတဲ့အတွက် အနည်းဆုံး လူ ၂၇ ဦး သေဆုံးသွားပါတယ်။ ရဲတပ်ဖွဲ့ လုံခြုံရေး ရုံးခန်းအနီးနဲ့ ထောက်လှမ်းရေးရုံးအနီးမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုတွေကြောင့် လူ ၁၀၀ နီးပါးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြားတွေက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုလို့ ပြောဆိုနေတဲ့ ဒီနေ့မနက်က တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်း စုံစမ်း သိရှိချက်တွေအရ ဒီတိုက်ခိုက်မှုဟာ ကားဗုံးထောင်ဗုံး ပေါက်ကွဲတာလို့ ဆိုပါတယ်။

ဗုံးဒဏ်ထိမှန်ပြီး ပြိုကျပျက်ဆီးနေတဲ့ မီးခိုး တလူလူနဲ့ အဆောက်အဦးပုံတွေ၊ သံမဏိချောင်းတွေ လိမ်တွန့် ပျက်ဆီးနေတဲ့ပုံတွေ၊ လမ်းပေါ်မှာ သွေးကွက်တွေနဲ့ ဗန်ကားအောက်မှာ အိုင်နေတဲ့ သွေးကွက်တွေကို ရုပ်မြင်သံကြား သတင်းတွေမှာ ပြသနေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တနှစ်ပြည့်သွားတဲ့ ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ရှစ်ထောင်လောက် သေဆုံးပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ အစိုးရက နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုမလုပ်ဘဲ အကြမ်းဖက် နှိမ်နင်းနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောတဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

XS
SM
MD
LG