ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆီးရီးယားနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး သေချာအောင် စောင့်ကြည့် အကဲခတ်နိုင်ဖို့ နိုင်ငံတကာ လေ့လာသူအဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်တာကို တရုတ်နဲ့ ရုရှားတို့က ထူးထူးခြားခြား ထောက်ခံလိုက်ကြပါတယ်။ စနေနေ့မှာ လုံခြုံရေးကောင်စီက ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား ပြုလွယ်ပျက်လွယ် ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြန်ထိန်းနိုင်ဖို့ လက်နက်မပါတဲ့ စစ်အမှုထမ်း စောင့်ကြည့် အကဲခတ်သူ ၃၀ ပါတဲ့ ပဏာမ အဖွဲ့တခုကို စေလွှတ်နိုင်ဖို့ တခဲနက် မဲပေး ထောက်ခံလိုက်ကြပါတယ်။
အစိုးရတပ်တွေက အတိုက်အခံတွေ အဓိကရှိရာ ဟုမ်းစ်မြို့ကို လက်နက်ကြီး ပစ်နေတဲ့ကြားက ခက်ခက်ခဲခဲ ဆက်ထိန်းထားတဲ့ ဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကို အကောင်အထည် ဖော်မှုနဲ့ ပတ်သက်ပြီး ဒီအဖွဲ့က အစီရင်ခံပေးရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့တို့ရဲ့ အထူး သံကိုယ်စားလှယ် ကိုဖီအာနန်က ကြားဝင် စေ့စပ်ပေးထားတဲ့ ဒီ အပစ်အခတ် ရပ်စဲရေး စာချုပ်ထဲမှာ တပ်တွေအားလုံး မြို့ထဲတွေကနေ ဆုတ်ခွာပေးကြဖို့ ဆီးရီးယားအစိုးရ အနေနဲ့လည်း အတိုက်အခံတွေ အပေါ် အကြမ်းဖက် ဖြိုခွင်းတာတွေ ရပ်တန့်ပေးဖို့ အတွက် သူပုန်တွေဘက်ကလည်း တိုက်ခိုက်တာတွေ ရပ်တန့်ပေးဖို့ ပါဝင်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီ အကြမ်းဖက်မှုတွေအတွက် ဆီးရီးယား အစိုးရဘက်မှာ တာဝန်ပိုရှိတယ်လို့ စနေနေ့မှာ ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာ မစ္စတာ ဘန်ကီမွန်းက ဧပြီ ၂၀ ရက်နေ့ကျရင်လည်း ဆီးရီးယားနိုင်ငံမှာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် အနည်းဆုံးကိုလည်း ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။