ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ကြာသပတေးနေ့မှာ ရုပ်သိမ်းတဲ့ ဥပဒေတရပ်ကို ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယားအလယ်ပိုင်းဟာ ဟုမ်းစ် မြို့မှာ လုံခြုံရေးတပ်သားတွေကို တိုးပြီးချထားပါတယ်။
အရေးပေါ်ဥပဒေ ရုပ်သိမ်းကြောင်း မစ္စတာ အာဆဒ် လက်မှတ်ရေးထိုးပြီး အင်္ဂါနေ့က အစိုးရအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရ သတင်းမှာ ဖော်ပြပါတယ်။ အခုလို အရေးပေါ်ဥပဒေ ရုပ်သိမ်းလိုက်ပေမဲ့ နိုင်ငံမတည်ငြိမ်အောင် လုပ်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီအရေးပေါ်ဥပဒေထဲမှာ ဆန္ဒပြမှုတွေကို ပိတ်ပင်ထားသလို လူထုဆက်သွယ်မှုတွေကို အစိုးရက လျှို့ဝှက် နားထောင်ခွင့်ရှိပြီး သတင်းမီဒီယာကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ အတွက် ဆီးရီးယားနိုင်ငံတ၀ှမ်း ဆန္ဒပြသူတွေက အဓိကထား တောင်းဆိုခဲ့ကြတာပါ။
နိုင်ငံတ၀ှမ်း သောကြာနေ့မှာ အစိုးရကို ဆန္ဒပြဖို့စီစဉ်ထားကြပြီး ဟုမ်းစ်မြို့မှာ ကြာသပတေးနေ့ကတည်းက စစ်သားတွေ အရပ်ဝတ်လုံခြုံရေး တပ်သားတွေ စပြီးနေရာယူထားကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အင်္ဂါနေ့က ဟုမ်းစ်မြို့ ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်သားတွေက ပစ်ခတ်ခဲ့လို့ ထိုင်သပိတ်မှောက် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ရသလို တနင်္ဂနွေနေ့ကတော့ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။