ဆီရီးယားနိုင်ငံ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေရဲ့ အသုဘ ပို့ဆောင်ကြသူ လူအုပ်ကြီးကို လုံထိန်းနဲ့ လက်ဖြောင့် သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ၁၂ ယောက် သေဆုံးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
Damascus မြို့ဆင်ခြေဖုံး Douma မြို့နဲ့ တောင်ပိုင်းက Izraa မြို့တွေက အသုဘပို့ဆောင်သူတွေကို စနေနေ့က တိုက်ခိုက်ခဲ့တာလို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မျက်မြင်တွေကပြောပါတယ်။ အဲဒီမြို့တွေမှာ သောကြာနေ့က လူထုထောင်သောင်းချီ စုဝေးဆန္ဒပြခဲ့ကြပြီး လုံထိန်းတွေ သေနတ်နဲ့ပစ်လို့ ၇၅ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ လုံထိန်းတွေက ဆန္ဒပြလူထုကို သတိပေးခြင်းမရှိဘဲ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဆန္ဒပြပွဲ ၂ ရက်အတွင်း အကြမ်းဖက် နှိပ်ကွပ်မှုကြောင့် လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ရ တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
အသုဘလာ တချို့လူထုက သမ္မတ ဘက်ရှာအယ်လ် အာဆဒ် (Bashar al Assad) ချက်ချင်းနုတ်ထွက်ပေးဖို့ ထပ်လောင်း တောင်းဆိုရင်း အစိုးရဆန့်ကျင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အရပ်သား တွေကို ပစ်သတ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ဆီးရီးယား လွှတ်တော်အမတ် ၂ ဦး ရာထူးက နုတ်ထွက်ကြောင်း စနေနေ့က ကြေညာလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တရားလွန် အကြမ်းဖက်နှိပ်ကွပ်ခဲ့လို့ သောကြာနေ့ က ၇၅ ယောက် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတအိုဘားမားက ပြစ်တင်ရှုတ်ချ လိုက်ပါ တယ်။ ဆီးရီးယားအစိုးရကတော့ သမ္မတအိုဘားမားဟာ ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပျက်နေတာတွေကို အခြေခံကျကျ သေသေချာချာ မသိဘဲပြောဆိုနေတာလို့ ဝေဖန်လိုက်ပါတယ်။ ရုရှားနိုင်ငံကတော့ ဆီးရီးယားကို မိတ်ဆွေအဖြစ် သဘောထားဆဲဖြစ်ပေမဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကသာ နိုင်ငံတည်ငြိမ်ရေးကို ဆောင်ကြဉ်းနိုင်မှာ ဖြစ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။