ဆီးရီးယားနိုင်ငံမှာ အစိုးရရဲ့ ပြင်းထန်တဲ့ နှိမ်နှင်းမှုတွေကို အာခံပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဒီနေ့ စုဝေးပြီး ဆန္ဒပြနေကြပါတယ်။ ဒီအချိန်မှာပဲ အစိုးရဘက်ကလည်း သူတို့ရဲ့ တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့တောင်ပိုင်း ဆန္ဒပြပွဲတွေဖြစ်နေတဲ့ ဒါရာမြို့ကြီးမှာ အတိုက်အခိုက်ခံနေရတယ်လို့ ဆိုလိုက်ပါတယ်။
ဆီးရီးယား နိုင်ငံပိုင် သတင်းမီဒီယာက စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကို ကိုးကားပြီး ဒါရာမြို့မှာဖြစ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ စစ်သား လေးဦး သေဆုံးခဲ့ရပြီး နှစ်ဦး အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်တပ်ပြောခွင့်ရှိသူကပဲ ဒီမြို့ထဲက စစ်တပ်စခန်းတခုကို သေနတ်သမားတွေက ဒီနေ့ အရုဏ်တက်ချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အနောက်နိုင်ငံ သတင်းတွေမှာတော့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ပင်လယ်ကမ်းခြေမြို့ကြီး လာကာကီယာ မှာ လုံခြုံရေးတပ်တွေက ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်။ တချိန်တည်းမှာပဲ ဒီတပ်တွေက ဒါရာမြို့ထဲမှာ ဆန္ဒပြပွဲတွေကို တားဆီးဖို့အတွက် မိုးပေါ်ထောင်ပြီး သတိပေး ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ သမ္မတ ဘက်ရှာအယ်လ် အာဆဒ် ကို ဆန့်ကျင်တဲ့ဆန္ဒပြသူတွေဟာ အစိုးရအပေါ် ဒေါသထွက်စရာ မကျေနပ်မှုတွေ ထုတ်ဖော်တဲ့ အပတ်စဉ်ဆန္ဒပြမှုကြီးအဖြစ် ဒီနေ့မှာ ဆက်လက် ဆန္ဒပြဖို့ စီစဉ်ခဲ့ကြတာပါ။ နိုင်ငံအတွင်း ပိတ်ပင်ခံထားရတဲ့ မူစလင် ဘရားသားဟု အဖွဲ့ကလည်း ဒီနေ့ ဆန္ဒြုပပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာပါတယ်။