ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးတည်ငြိမ်ရေးအတွက် နည်းလမ်းရှာ လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ တညီတညွတ်တည်း ရှိလိမ့်မယ်လို့ သူ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂအထူးသံတမန် ကိုဖီ အာနန်က ပြောလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှစ်ခု လုံခြုံရေးကောင်စီမှာ အပြိုင်ဖြစ်နေချိန်မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လတ်ဗ်ရော့ဗ်တို့နဲ့ မော်စကိုမြို့တော်မှာ ကိုဖီအာနန် တွေ့ဆုံခဲ့ပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ သဘောတူညီချက် မရနိုင်စရာ ဘယ်လိုအကြောင်းမှ သူမတွေ့ဘူးလို့ ရုရှားနိုင်ငံခြားရေး ၀န်ကြီး လတ်ဗ်ရော့ဗ်က ပြောပါတယ်။
ဒါပေမဲ့လည်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်တို့က ကမကထပြု တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုသုံးပြီး ပယ်ချမယ်လို့ ရုရှားကပြောထားပါတယ်။ အဲဒီဆုံးဖြတ်ချက်မူကြမ်းအရဆိုရင် ဆီးရီးယားမှာရှိတဲ့ ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို သက်တမ်းထပ်တိုးပြီး အာဆဒ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူ မှုတွေ ချမှတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ရေးအရ အရေးယူနိုင်မယ့် အလားအလာကိုလည်း ဖွင့်ထားတာပါ။ ကုလသမဂ္ဂအဖွဲ့ကို ပိုကြာကြာထားပြီး ဒဏ်ခတ်အရေးယူမှုလုပ်ဖို့ မပါတဲ့ ရုရှားတို့ရဲ့ ဆုံးဖြတ်ချက်မူကြမ်းကိုလည်း ဗီတိုသုံးပယ်ချမယ်လို့ အနောက်နိုင်ငံတွေက ပြောထားပါတယ်။