သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိအားတွေရှိပေမဲ့ ဆီးရီးယားအစိုးရက အတိုက်အခံတွေကို နှိမ်နင်းဆဲ


ဖိအားတွေရှိပေမဲ့ ဆီးရီးယားအစိုးရက အတိုက်အခံတွေကို နှိမ်နင်းဆဲ

ဆီးရီးယားနိုင်ငံ ပင်လယ်ကမ်းခြေမြို့တခုဖြစ်တဲ့ လက်တာကီးယားမြို့မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်တွေနဲ့ ပစ်ခပ်ခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အဲဒီမှာ လူသေဆုံးမှုလည်းရှိတယ်လို့ ဆိုပါတယ်။

လက်ဘနွန်နိုင်ငံ နယ်စပ်နားက အဲဒီလက်တာကီးယား မြို့ထဲကို သံချပ်ကာတင့်ကားတွေ ဒီကနေ့မနက် စောစောပိုင်းမှာဝင်ရောက်ခဲ့ပြီး သေနတ်တွေနဲ့ အကြီးအကျယ်ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီမြို့ထဲမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေဟာလည်း အကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

မနေ့တုန်းကတော့ ဆီးရီးယားနိုင်ငံတ၀ှမ်းမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြပါတယ်။ ဆီးရီးယားအစိုးရရဲ့ အခုလို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် နိုင်ငံတကာရဲ့ ဖိအားတွေ တနေ့တခြား တိုးလာနေတယ်ဆိုပေမဲ့ ဆီးရီးယားသမ္မတ ဘက်ရှားအယ်လ် အာဆာ့ဒ် ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေကတော့ အတိုက်အခံ လှုပ်ရှားမှုတွေကို အပြင်းအထန် ဆက်ပြီးတော့နှိမ်နင်းနေတုန်းပါပဲ။

ဆန္ဒပြမှုတွေကလည်း ဆီးရီးယားနိုင်ငံတ၀ှမ်းမှာ အရှိန်အဟုန်နဲ့ဆက်ပြီး ဖြစ်နေတုန်းပါ။ ဆီးရီးယားအစိုးရကို နိုင်ငံရေးအရရော စီးပွားရေးအရပါ အားပေးထောက်ခံနေတဲ့ နိုင်ငံတွေကို သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က မနေ့က ပြောပါတယ်။ ဆီးရီးယား နိုင်ငံကနေ ရေနံနဲ့သဘာဝဓါတ်ငွေ့ ၀ယ်ယူနေကြတာတွေကိုလည်း ရပ်ကြဖို့ ၀န်ကြီး ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

ဆီးရီးယားရဲ့အိမ်နီးချင်း တူရကီနိုင်ငံရဲ့သမ္မတ အဗ္ဗဒူလာ ဂူလ်းကလည်း အချိန်နောက်မကျခင်မှာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့ ဆီးရီးယားသမ္မတ အာဆာ့ဒ်ကို မနေ့ကပဲ တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG